ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းအား မနှစ်သက်လျှင်တောင်မှ သူတို့သည် သူတို့သက်တမ်း၏ ဆယ်နှစ်ကျော် အမိုးအကာတစ်ခုတည်း အောက်၌ နေထိုင်ခဲ့သည့် မိသားစုများ ဖြစ်နေသေးသည်လေ။

"နင်က ချောင်ဟုန်ယဲ့ပဲ။ တိုက်ဆိုင်လိုက်တာနော်။ နင် ဒီမှာ ဘာလုပ်နေတာလဲ"

စူးချူက သူမ၏ နှလုံးသားထဲရှိ ဒေါသတရားများကို ချုပ်တည်းထား၍ အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးကာ ချောင်ဟုန်ယဲ့၏ လက်မောင်းအား ဆွဲ၍ မေးလိုက်သည်။

"အား..."

ချောင်ဟုန်ယဲ့သည် တစ်စုံတစ်ယောက်က သူမထံသို့ ရုတ်ချည်း ချဥ်းကပ်လာမည်ဟု ထင်မထားသဖြင့် ချက်ချင်းပင် ထိတ်လန့်ကြောက်ရွံ့သွား၏။

သူမသည် ခေါင်းလှည့်ကြည့်ပြီးနောက် ကြက်သေသေသွားတော့သည်။ စူးချူနဲ့ ကန်ကျင်းချန်က ဘာလို့ ဒီရောက်နေတာလဲ။

ချောင်ဟုန်ယဲ့သည် ဤအနားတစ်ဝိုက်နှင့် မရင်းနှီးသည်မှာ မငြင်းနိုင်ပေ။ ထို့ကြောင့် သူမသည် လမ်းကြားလေးများအား လမ်းကွေ့ခုနစ်ခု၊ လမ်းချိုး ဆယ့်ရှစ်ခုတို့နှင့် ချိတ်ဆက်ထားသည့်အကြောင်းကို မသိခဲ့။

"နင်...နင်တို့တွေ...နင်တို့ ဘာလို့ ဒီမှာရောက်နေကြတာလဲ"

သူမသည် ကျင်းယွင်ကျောင်းအား သူတို့နှင့်အတူ မြင်လိုက်သည်မှာ သေချာ၍ သုံးယောက်သား လမ်းဘေးဆိုင်လေးတွင် ညစာစားရန် တိုက်ခန်းအိမ်ရာမှ အတူတကွ ထွက်သွားကြခြင်းဖြစ်သည်။ သူတ်ို့ လမ်းဘေးဆိုင်က ထွက်လာလျှင်တောင်မှ အဓိကဝင်ပေါက်ကို ဖြတ်၍ အိမ်ရာဝင်းထဲသို့ မဝင်ဘဲ အဘယ်ကြောင့် အခြားဦးတည်ရာမှ လာသနည်း။

မုန်းတီးမှုနှင့် ရွံရှာစက်ဆုပ်မှုများက စူးချူ၏ မျက်ဝန်းများတွင် ခဏမျှ ဖြတ်ပြေးသွားပြီး သူမ၏ ပြုံးနေသော မျက်နှာကို ဆက်မထိန်းထားနိုင်တော့လုနီးပါးပင်။ သူမက နှုတ်ခမ်းများကို ကွေးလိုက်ပြီး

"ငါတို့က ဒီနားပတ်ဝန်းကျင်မှာပဲ နေတာဆိုတော့ ဒီလမ်းကြားကို ဖြတ်သွားတာက ပုံမှန်ပါပဲ။ နင်ကရော...ဒီလိုနောက်ကျနေတဲ့အချိန် ဒီလမ်းကြားထဲမှာ ဟိုဟိုဒီဒီလိုက်ကြည့်နေတာက နည်းနည်းလေးထူးဆန်းသလိုပဲနော်"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now