"နိဂုံးချုပ်ရရင် ရှင်က ကျွန်မကို ကိုးနှစ်ကြာအောင် ကျွေးမွေးခဲ့ပြီး သုံးနှစ်ကြာအောင် ကျွန်မအတွက် ကျောင်းလခပေးခဲ့တယ်။ ကျွန်မလည်း ဆယ်နှစ်နီးပါး ချောင်မိသားစုအတွက် ခွေးတစ်ကောင်လို အလုပ်လုပ်ပေးခဲ့ပြီး  ဆယ်နှစ်ကျော်ကြာတဲ့အထိ မရေမတွက်နိုင်အောင် အရိုက်အနှက်ခံ၊ အပြောခံအဆိုခံခဲ့ရတယ်၊ တစ်ခါမှ ဝဝလင်လင် မစားခဲ့ရဘူး။ ဟုတ်သားပဲ၊ ကျွန်မ ပြောဖို့ တစ်ခုကျန်နေသေးတယ်"

ကျင်းယွင်ကျောင်း၏ အသံသည် ထိုအရာများအားလုံးက သူမနှင့် မဆိုင်သကဲ့သို့ တည်ငြိမ်နေသည်။

"ရှင့်ရဲ့ နှိပ်စက်တဲ့နည်းလမ်းတွေကြောင့် ကျွန်မရဲ့ခန္ဓာကိုယ်ပေါ်မှာ ကျန်နေခဲ့တဲ့ ဒဏ်ရာအမာရွတ်တွေကိုပြပြီး ရှင့်ကို ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုနဲ့ တရားစွဲလို့ ရနိုင်လား ကျွန်မ မသိဘူး"

အတိတ်ဘဝတွင် ချောင်ဝေ့မင်နှင့် ယဲ့ချင်သည် သူတို့၏ ဂုဏ်သိက္ခာကို ဂရုစိုက်ခဲ့ကြသည်။ သူတို့သည် လူများက သူတို့အား တာဝန်မသိတတ်ဟု ဝေဖန်ကြမည်ကို ကြောက်ရွံ့ကြ၏။ ထို့ကြောင့် သူတို့သည် သူမအား အများဆုံးအနေနှင့် ဒဏ်ရာအချို့ ရစေရုံသာ လုပ်ကြသည်။ မိနစ်အနည်းငယ်ခန့် နာကျင်မှုအား ခံစားစေပြီးနောက် လွှတ်ပေးကြ၏။

သို့ရာတွင် သူမသည် ငယ်စဥ်အခါက သူတို့အား အရှုံးပေးရန် တွန့်ဆုတ်ခဲ့သည်။ သူမသည် အကြိမ်အနည်းငယ်ခန့် ပြန်လုပ်ရန် ကြိုးစားခဲ့သော်လည်း ချောင်ဝေ့မင်၏ ဒေါသသင့်၍သာ အဆုံးသတ်ခဲ့ရ၏။ ချောင်ဝေ့မင်က သူမ၏ လက်မောင်းပေါ်တွင် စီးကရက်မီးကျွမ်းရာ အမာရွတ်အချို့ ချန်ထားပေးခဲ့သည်။ တစ်ကြိမ်ကဆိုလျှင် သူသည် သူမ၏ ခြေထောက်များအား ဆောင့်ကန်ခဲ့ပြီး ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော မှန်ကွဲစများပေါ်၌ ဒူးထောက်ခိုင်းခဲ့၏။

ယနေ့ထိတိုင်အောင် သူမ၏ အမာရွတ်များက ကြောက်စရာကောင်းနေဆဲပင်။

ထိုအကြောင်းအား ပြောသောအခါ ချောင်ဝေ့မင်၏ မျက်နှာထားက ပြောင်းလဲသွားသည်။

"အဲဒီဒဏ်ရာတွေက နင်ငယ်ငယ်တုန်းက နင် နမော်နမဲ့နိုင်လို့ နင့်ဟာနင် ဒဏ်ရာရတာလေ"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now