Chapter 239- Giant Teddy Bear 3

1.9K 368 6
                                    

Unicode

... အဲ့ဒါကြောင့်မို့လဲ ချာတိတ်လေးမှာ သူငယ်ချင်းသိပ်မရှိတာ.. သူ ဆက်ဆံတဲ့ပုံကိုလဲ ကြည့်ဦး...

သို့သော် ဟောပိုင်တစ်ယောက် တိချိုးဟယ်နှင့် စသိစ၌က သူ့ကို ဆက်ဆံပုံကို ပြန်တွေးကြည့်မိသည်။ အနှီချာတိတ်လေးတိမှာ သူ့ နို့လက်ဖက်ရည်ကို လုသောက်သည်။ သူ့ကင်မရာကို ဆွဲပြေးသည်။ ဘာမပြော ညာမပြောနှင့် အိမ်ခေါ်သွားကာ အမဲသားကြော်ခိုင်းလိုက်သေးသည်။

ဒီတော့ မေးစရာရှိတာက ဟောပိုင်က ဘာလို့များ ဒီလိုကောင်လေးမျိုးကို မငြင်းခဲ့တာလဲ.. ဘာလို့ ဒီလိုကောင်စုတ်လေးရဲ့ လက်တွဲဖော်တောင် ဖြစ်သွားရတာလဲ...

ဟောပိုင်တစ်ယောက် အတွေးပေါင်းမြောက်မြားစွာနှင့် ခေါင်းထဲ ချာချာလည်နေစဥ် တိချိုးဟယ်က သူရှိနေသည့် ဝက်ဝံရုပ်ကို ဖက်ရင်း အိပ်မောကျနေလေသည်။ ဟောပိုင်လဲ ကိုယ်ကို အနည်းငယ်ရွှေ့ကာ ဝက်ဝံရုပ်အနောက်ကျောမှ ဇစ်ဖွင့်၍ ခိုးထွက်ခဲ့လေသည်။

ညနက်သန်းခေါင် တိတ်ဆိတ်နေသည့်အခန်းထဲတွင် ဇစ်ဖွင့်သံက ကျယ်လောင်စွာ ထွက်​ပေါ်လာသည်။ ကံ​ကောင်းသည်က တိချိုးဟယ်မှာ တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ထားရသည့်အတွက် ထိုအသံကို ကြားတာတောင် မနိုးလာပဲ ကလေးလေးတစ်ယောက်လို နှစ်ခြိုက်စွာ အိပ်ပျော်နေ၏။

ဟောပိုင်က ဝက်ဝံရုပ်ထဲမှ ထွက်လာပြီးနောက် တွန့်ကြေနေသော အဝတ်အစားနှင့် ဆံပင်ကို တစ်ချက်ကြည့်ကာ ဒီတိုင်းထားလိုက်ရန် စိတ်ကူး၏။ ထို့နောက် ဝက်ဝံရုပ်ကို အသာဘေးဖယ်ကာ တိချိုးဟယ်လက်မောင်းပေါ် မှီ၍ ဝင်အိပ်လိုက်သည်။

တိချိုးဟယ်မှာလဲ ဟောပိုင်ကို ဖက်အိပ်နေကျဖြစ်၍ အလိုအလျောက်ပင် ဖက်ထားပြီးသားဖြစ်ကာ အိပ်မောကျနေဆဲပင်။

ဟောပိုင်က တိချိုးဟယ် နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်သည်အထိ မလှုပ်မယှက် စောင့်နေသည်။ အိပ်ပျော်နေသော တိချိုးဟယ်၏ မျက်နှာလေးကို မြတ်နိုးယုယစွာ ငေးကြည့်နေသေးသည်။

သူ့ရဲ့ ချာတိတ်လေးနှင့် အတူလက်တွဲရန် ဆုံးဖြတ်ခဲ့သည်ကို သူ လုံးဝနောင်တမရ။ သူတို့နှစ်ယောက် အတူရှိခဲ့သည့် အချိန်တိုင်းက အစစ်အမှန်တွေသာ ဖြစ်ခဲ့သည်။ ထို့နောက် သူ တိုးတိုးလေးပြောလိုက်သည်။
" ကျေးဇူးနော်"

OUR ( One Useless Rebirth) 2Where stories live. Discover now