Chapter 142 - အဆောင်သူခိုး 4

3K 602 15
                                    

Unicode

အင်တာဗျူးသူက အတွေ့အကြုံအတော်ရှိပုံရသည်။ နူးညံ့ညင်သာကာ အခြေအနေကို ကောင်းစွာ ထိန်းချုပ်နိုင်၏။ ရီကျဲက နည်းနည်းအေးကာ စကားသိပ်မပြောပေမဲ့ ယဥ်ကျေးကာ ဟောပိုင်ကို လေးလေးစားစားဆက်ဆံသည်။ သူမကိုယ်သူမ စူပါစတားတစ်ယောက်လို မပြုမူ။

စကားစမြည်ပြောဆိုပြီးသည့်အခါတွင်တော့ တရားဝင်အင်တာဗျူးစသည်။ အင်တာဗျူးသူက ရီကျဲကို မေးခွန်းတွေ မေးနေကာ ဟောပိုင်က အနောက်မှနေ၍ တစ်ခါတစ်ရံ ဓာတ်ပုံရိုက်သည်။ တစ်နာရီလောက်ကြာတော့ အင်တာဗျူးပြီးသွား၍ ဓာတ်ပုံရိုက်ရန် စရတော့သည်။

ရီကျဲက မိတ်ကပ်လိမ်းကာ အဝတ်အစားလဲပြီးနောက် ဟောပိုင်အကြံပေးသည့်အတိုင်း လိုက်လုပ်သည်။ သူမကို ခိုင်းသည့် pose အတိုင်း လိုက်လုပ်နေပေမဲ့ စိတ်အရမ်းပါပုံမရ။ စာရွက်လှန်ကာ မျက်လုံးအောက်စိုက်၍ ကင်မရာကိုကြည့်ရင်း အကြောင်းရင်းမသိရပဲ ဝမ်းနည်းနေပုံရသည့် ရီကျဲကို ဟောပိုင်တစ်ချက်ကြည့်၍ သက်ပြင်းချလိုက်သည်။

သရုပ်ဆောင်လုပ်ရသည်မှာ ပိုက်ဆံအများကြီးရသည်ဆိုပေမဲ့လဲ စိတ်ပျော်ချင်မှ ပျော်ပေလိမ့်မည်။

သူ့ချာတိတ်လေးရော အခု ဘယ်လိုနေမယ်မှန်းမသိ...

ရုတ်တရက် စိတ်ပျံ့လွင့်သွားသည်ကို ခံစားမိတော့ ဟောပိုင် ချက်ချင်းစိတ်ကို ပြန်စုစည်းကာ ရိုက်ကူးရေးကိုသာ အာရုံစိုက်သည်။ ရီကျဲကို စိတ်ပျော်စေဖို့ နည်းလမ်းရှာရသည်။

သုံးနာရီလောက်ကြာတော့ ဟောပိုင်က ကားပေါ် ပစ်လှဲကာ ကင်မရာကို ချရင်း လီရုကို အားတုံ့အားနာကြည့်သည်။
" အကြာကြီးစောင့်နေရလား.. ကျွန်တော့်ကို အိမ်အထိ လိုက်ပို့စရာမလိုပါဘူးဗျာ.. ရထားဘူတာတစ်ခုခုနား ရပ်ပေးလို့ရပါတယ်.. မမ စောစောနားပါ"

" အမက မင်းရဲ့ အလုပ်သမားလေ.. ကိုယ့်အလုပ်ရှင်ကို အပို့အကြိုလုပ်ပေးရမှာ အမရဲ့ တာဝန်ပါ.. လကုန်ရင် အမကို အသွားအပြန်စရိတ်ပေါင်းထည့်ပေးရင် ရပြီ"
လီရုက ကားစက်နှိုးကာ ကောင်းကင်ကို မော့ကြည့်၍ ပြုံးလိုက်သည်။
" မိုးလေဝသ သတင်းက ကြေညာထားတယ် ဒီရက်ပိုင်း နှင်းကျမယ်တဲ့.. မော့ကြည့်ပါဦး.. ဒီနှစ်ရဲ့ ပထမဆုံးနှင်းက မကြာတော့ဘူးထင်ပါရဲ့"

OUR ( One Useless Rebirth) 2Where stories live. Discover now