အန်တီယဲ့၏ အမူအယာသည် တဖြည်းဖြည်း အေးစက်သွား၏။

"နင် ဘာလို့ ဒီလိုမျိုးပြောထွက်ရတာလဲ။ နင် ငယ်ငယ်တုန်းက ငါ နင့်ကို ဘယ်လိုသင်ပေးထားခဲ့တာလဲ။ နင် အမှားတစ်ခုလုပ်ထားရင် အဲဒါကို မှားကြောင်း ဝန်ခံဖို့လိုတယ်။ ငါတို့မှာ အကြွေးအများကြီး ရှိတော့ရော ဘာဖြစ်လဲ။ အမေက နင့်ကို အပြင်ထွက်ပြီး အကြွေးဆပ်ဖို့ ပိုက်ဆံရှာပါလို့ ဘယ်တုန်းကမှ မတိုက်တွန်းခဲ့ဖူးဘူး။ နင် ပညာဆက်သင်နေသရွေ့ အနာဂတ်မှာ တက္ကသိုလ်ကောင်းတစ်ခုမှာတက်ရပြီး ပျော်ရွှင်တဲ့ဘဝတစ်ခုကို ရမယ်၊ အရာအားလုံး အဆင်ပြေသွားမယ်။ အကြွေးက နင်နဲ့ ဘာမှ မဆိုင်ဘူး"

"ဘာလို့ ကျွန်မနဲ့ ဘာမှမဆိုင်ရမှာလဲ"

ယဲ့ချင်းက အော်ဟစ်လိုက်သည်။

"အရင်တုန်းက လူတိုင်းက ကျွန်မကို အထင်ကြီးတဲ့အကြည့်တွေနဲ့ပဲ ကြည့်ခဲ့တာ။ အခုကျတော့ရော။ သူတို့က ကျွန်မကို သနားကြတော့မယ်။ ကျွန်မ ဒီလိုသနားတာမျိုးကို မုန်းတယ်။ အဲဒါက ရှက်စရာကောင်းတယ်"

အန်တီယဲ့၏ ခန္ဓာကိုယ်က တုန်ရီသွားပြီး ရုတ်တရက် အားအင်များ ထိုးကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူမသည် ဘာအတွက် အလုပ်ကြိုးစားနေခဲ့သနည်း။ သူမ၏ ခင်ပွန်းဖြစ်သူသည် အားမကိုးရပေ၊ သူသည် သတင်းဆိုးများကို ကြားသိပြီးနောက် လွယ်လွယ်ကူကူပင် အရုပ်ကြိုးပြတ်ဖြစ်သွားခဲ့သည်။ သူမ၏ သမီးဖြစ်သူကပင် ဤသို့ဖြစ်လာခဲ့ပြီ မဟုတ်လား။ ထို့ကြောင့် သူမ အလုပ်ကြိုးစားနေရသည့် အကြောင်းရင်းက ဘာများလဲ။

သူမ၏ ခန္ဓာကိုယ်သည် ပြိုလဲကျလုဆဲဆဲဖြစ်သည်။ ယဲ့ချင်းသည် စိတ်ရိုင်းဝင်နေသေးသည်ဖြစ်ရာ သူမ အမေဖြစ်သူ၏ အဝတ်အစားများအား ဆောင့်ဆွဲလိုက်၏။

"အမေ၊ ကျွန်မကို ပြောပါ။ ကျွန်မတို့ မိသားစုရဲ့ ပိုက်ဆံတွေ ဘယ်မှာဖွက်ထားတာလဲ။ အမေ ဘယ်နေရာမှာ ဖွက်ထားတာလဲလို့"

သူတို့သည် ယခင်က အလွန်ချမ်းသာခဲ့သည်၊ သူတို့တွင် ပိုက်ဆံလုံးဝ မရှိတော့သည်မှာ မဖြစ်နိုင်ချေ။ အခြားသူများ သိသွားမည်ကို စိုးရိမ်သဖြင့် တစ်နေရာရာတွင် ဖွက်ထားသည်မှာ ကျိန်းသေ၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းTempat cerita menjadi hidup. Temukan sekarang