ရှောင်ဟိုင်ချင်းက သူမပြောသည်အား ကြားသောအခါ သောက်လက်စ ကော်ဖီပင် သီးလုနီးပါး ဖြစ်သွားသည်။

"လူထူးလူဆန်းအဖိုး ဟုတ်လား။ ဒဏ္ဍာရီတွေထဲက ထူးခြားဆန်းပြားတဲ့ ဆရာသခင်က ဒီခေတ်မှာ ရှိနေသေးတာ ဖြစ်နိုင်လို့လား။ ငါက ဉာဏ်ရည်မထက်မြက်ဘူး၊ ငါ့ကို မလိမ်နဲ့"

ရှောင်ဟိုင်ချင်းက တစ်လုံးမှ မယုံပေ။ ဒီကမ္ဘာပေါ်မှာ ဒီလိုမယုံနိုင်ဖွယ်ရာ လူတစ်ယောက် ရှိနေသေးလို့လား။

ကျင်းယွင်ကျောင်းက ပခုံးတွန့်ပြလိုက်သည်။

"ဘာပဲဖြစ်ဖြစ်၊ ငါပြောတာ အမှန်တွေပဲ။ ငါ့ရဲ့ ကိုယ်ခံပညာတွေရော၊ ဆေးပညာရပ်တွေရော အားလုံး သူသင်ပေးထားတာ"

ရှောင်ဟိုင်ချင်းက သံသယဝင်နေသော်လည်း ကျင်းယွင်ကျောင်းက သူမအား ဘယ်တော့မှ လိမ်ပြောလိမ့်မည်မဟုတ်ဟု ခံစားနေရ၏။ သူမသည် ကျင်းယွင်ကျောင်းအား စိုက်ကြည့်လိုက်ရင်း သူမအား အချိန်အတော်ကြာအောင် မှန်းဆတိုင်းတာနေသည်။

"ဒါကြောင့် နင့်ရဲ့ဆေးပညာစွမ်းရည်က အရမ်းမြင့်နေတာလား"

ရှောင်ဟိုင်ချင်းက မေးလာ၏။

ကျင်းယွင်ကျောင်းက ခေါင်းခါပြလိုက်သည်။

"သူ ငါ့ကို သင်ပေးခဲ့တာတွေက အများကြီးပဲ၊ ငါ သူတို့ကို မှတ်မိဖို့ နေ့တိုင်း အချိန်အကြာကြီး ယူရတယ်။ အခုအချိန်မှာ ငါ အခြေခံနည်းနည်းလေးကိုပဲ မှတ်နိုင်သေးတယ်။ ဒါပေမယ့် အရမ်းမရှုပ်ထွေးတဲ့ အခြေအနေနဲ့သာ ကြုံရမယ်ဆိုရင်တော့ ငါ တစ်ချို့နည်းလမ်းတွေကို မှတ်မိတယ်"

ကျောက်စိမ်းစာလိပ်မှာ စုစုပေါင်း ကိုးဆယ့်ကိုးပိုင်းရှိသည်။ ဤအချိန်တွင် သူမသည် တစ်ပိုင်းကိုသာ စုပ်ယူပြီးစီးသေး၏။ အပိုင်းတစ်ပိုင်းအတွင်းတွင် စာအုပ်ပေါင်းထောင်ချီပါဝင်သည်။ ကျောက်စိမ်းစာလိပ်က သူမ၏ စိတ်အတွင်းမှာ ရှိနေခြင်းကြောင့် သူမသည် ပြန်စဥ်းစားလိုက်ရုံနှင့် သူမကျက်မှတ်ထားသည်များကို ဆွဲထုတ်ပြီး အကြောင်းအရာကို စေ့စပ်ပိုင်နိုင်စွာ တတ်မြောက်နိုင်သည်။ ထို့အပြင် သူမ၏ နေရာလွတ်နယ်မြေထဲရှိ အချိန်သည် ငါးဆ ပို၍နှေး၏။ နေ့စဥ် သူမ၏ တိုးတက်မှုနှုန်းသည် အလွန်အမင်း အံ့အားသင့်ဖွယ်ကောင်းလှသည်။ အပြင်လူများအတွက်မူ သူမသည် အချိန်တိုလေးအတွင်း၌ တိုးတက်လာသကဲ့သို့ပင်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now