"သူ့ကို အန်ထွက်အောင် ဒီလိုလုပ်သင့်တာဟ"

ရှောင်ဟိုင်ချင်းက ခပ်ကြမ်းကြမ်း ရယ်မောလိုက်သည်။ သူမသည် အလွန်အမင်း ပျော်ရွှင်နေ၏။

သူတို့နှစ်ယောက်၏ စွမ်းရည်များ ပေါင်းစပ်လိုက်သောအခါ ကျန်ရှသည် လူးလိမ့်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် အူထဲတွင်ရှိသော စားထားသမျှ ပြန်အန်ထွက်လာတော့သည်။ သူ၏ ဘေးရှိသူများသည် ရွံရှာစွာဖြင့် နောက်ဆုတ်သွားကြ၏။

ကျင်းယွင်ကျောင်းက အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး သူမ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြုပြင်လိုက်သည်။ သူမ၏ အမူအယာသည် ဤမတိုင်မီက ဘာမှဖြစ်မသွားသကဲ့သို့ ပြန်လည် တည်ငြိမ်သွား၏။

သူမ၏ ဘေးရှိ လီရှောက်ယွင်သည် အံ့သြဆွံ့အ, နေသည်။ သူက သူ၏ ပြောင်လက်နေသော ရှုးဖိနပ်များကို ရှပ်တိုက်လှမ်းလိုက်ပြီး ကျင်းယွင်ကျောင်းအား အထင်ကြီးလေးစားစွာကြည့်၍ လက်မထောင်ပြလိုက်၏။

"မင်းရဲ့အစွမ်းက မဆိုးဘူးပဲ။ ဘယ်သူဆီကနေ သင်ခဲ့တာလဲ"

လီရှောက်ယွင်က အနားတိုးလာပြီး သိချင်စွာဖြင့် မေးလာသည်။

(T/N : အစွမ်းဆိုတာ ကွန်ဖူးစွမ်းရည်၊ အတိုက်အခိုက်စွမ်းရည်ကို ပြောချင်တာပါ။)

ကျင်းယွင်ကျောင်းက သူ့အား တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူမ၏ အပေါ်တွင် တင်နေသော ဖုန်မှုန့်များကို ခါချရင်း ပြောလိုက်သည်။

"ဒါက အရမ်းရွံစရာကောင်းတာတစ်ခုကို မြင်လိုက်ရလို့ ဖြစ်လာတဲ့ အလိုအလျောက်တုံ့ပြန်မှုတစ်ခုပါပဲ၊ များများစားစား မဟုတ်ပါဘူး"

လီရှောက်ယွင်က နှုတ်ခမ်းစေ့လိုက်ပြီး ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်၏။ သူတို့၏ ဘေးရှိ မိန်းကလေးများသည် ချက်ချင်း ရှက်သွေးဖြာသွားကြသော်လည်း သူက သတိမပြုမိပေ။ သူက ဆွဲဆောင်မှုရှိရှိ ဆက်ပြုံးနေရင်း ...

"ဒီနေ့ မင်း တုံ့ပြန်တာမြန်ခဲ့လို့ ဒီမိန်းကလေးကိုရော ကိုယ်တို့ရဲ့ ရှန်းဟိုင်စားသောက်ဆိုင်ကိုလည်း ဒုက္ခတွေအများကြီးကနေ ကယ်တင်ခဲ့တာပဲ။ ကိုယ့်ရဲ့ကျေးဇူးတင်မှုကို ဖော်ပြဖို့ ကိုယ် မင်းကို ထမင်းတစ်နပ်လောက် ဧည့်ခံရင်ရော ဘယ်လိုလဲ"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now