အမေယဲ့က မျက်ရည်များကို ထိန်းလိုက်ရင်း ပြောလာသည်။ သူမသည် ဘာပြောရမှန်း မသိတော့ချေ။

အမှားတစ်ခု ကျူးလွန်ပြီးသွားပြီဖြစ်၏။ အကယ်၍ သူမ၏ သမီးဖြစ်သူကသာ တောင်းပန်ရန် သတ္တိမရှိလျှင် ယခုအချိန်တွင် သူမ ဘာတတ်နိုင်မည်နည်း။

အမေယဲ့၏ စကားဆုံးသည်နှင့် ကျန်ရှက ပါးစပ်ဖွင့်ရန် ဟန်ပြင်လိုက်သောအခါ ကျင်းယွင်ကျောင်းက ဝင်ပြောလိုက်သည်။

"ကျွန်မတို့အားလုံး ထျန်းထျန်း အနားယူတာကို နှောက်ယှက်မိတော့မယ်။ အန်တီယဲ့၊ အန်တီယန်၊ အရင်ဆုံးသွားခွင့်ပြုပါဦးရှင့်၊ ပြီးတော့ ထျန်းထျန်း နိုးလာမှ ပြန်လာခဲ့ပါ့မယ်"

အမေယန်က ခေါင်းညိတ်ပြလိုက်၏။ အမှန်တကယ်လည်း လူများစွာကြောင့် အနည်းငယ် ဆူညံနေသည်လေ။

ကျန်ရှက ကျင်းယွင်ကျောင်းအား ဒေါသတကြီး စိုက်ကြည့်လိုက်၏။ ဘယ်သူကများ ထွက်သွားချင်နေလို့လဲ။

သို့သော် ပြောစရာရှိသည်ကို ပြောပြီးသွားပြီဖြစ်၍ လီရှောက်ယွင်နှင့် ကျင်းယွင်ကျောင်းသည် အရင်ဆုံး လှည့်ထွက်သွားကြပြီဖြစ်သည်။ သူ့စကားအား ကြားသော အခြားသူများကလည်း သူ့ကို လျစ်လျူရှု၍ ထွက်သွားကြ၏။ ကျန်ရှတွင် ငြင်းဆန်ရန် အခွင့်အရေးမရှိတော့ပေ။

အခြားသူများက ထွက်လာသော်လည်း ဒဏ်ရာရသူ၏ အမေဖြစ်သော အမေယန်က ယန်ထျန်းထျန်းအား ပြုစုပေးရန် လူနာခန်းထဲတွင်သာ နေရစ်၏။ ကျင်းယွင်ကျောင်းနှင့် ကျန်လူများ ဆေးရုံထဲမှ ထွက်လာပြီးသည်နှင့် ကျန်ရှက မနေနိုင်တော့ဘဲ ပြောလာသည်။

"အန်တီယဲ့က ထူးဆန်းနေတယ်လို့ နင်တို့ မထင်ဘူးလား။ ဦးလေးယဲ့ရောပဲ။ ငါ သူတို့ကို အရင် တွေ့တုန်းက သူတို့က ဒီလိုပုံစံ မဟုတ်ပါဘူး။ ပြီးတော့ ယဲ့မိသားစုက အရမ်းချမ်းသာတယ် ပြောပေမယ့် သူက အိမ်ကထွက်လာတော့ ဘာလို့ ပိုက်ဆံရာဂဏန်းပဲ ယူလာတာလဲ။ အိုး...ပြီးတော့ အရေးအကြီးဆုံးက သူဝတ်ထားတာကလည်း......"

"ကျန်ရှ၊ ငါ ထင်နေတာတော့ ထူးဆန်းတဲ့သူက မင်းပဲ"

ကျောင်းသားများထဲမှ တစ်ယောက်က ပြောလာ၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းحيث تعيش القصص. اكتشف الآن