ယဲ့ချင်းက ဆက်ပြောပြန်သည်။

ကျင်းယွင်ကျောင်း စိတ်ပျက်လက်ပျက်ဖြစ်သွား၏။ သူမသည် တကယ်ပင် ယဲ့ချင်းအား ဘာပြောရမည်မှန်း မသိတော့ချေ။

သူမသည် ငယ်သေး၍ အချို့နေရာများတွင် မရင့်ကျက်သေးသည်အား ခွင့်ပြုပေး၍ရသည်။ သို့ရာတွင် ဤကဲ့သို့ သူမ၏ မိသားစု ဒုက္ခရောက်နေချိန်တွင် သူမသည် ဘာမှမဖြစ်သလို ဟန်ဆောင်၍ နေနိုင်သေး၏။ သူမ၏ မွေးရာပါအကျင့်စရိုက်သည် အတွင်းထိလှိုက်၍ပင် ပုပ်သိုးနေကြောင်း မြင်နိုင်သည်။

ကျင်းယွင်ကျောင်းသည် စကားဆက်ပြောရန် ဒုက္ခရောက်နေသဖြင့် သူမသည် အနားမှ ဖြတ်သွားသော စားပွဲထိုးများထဲမှ တစ်ယောက်အား လက်ပြ၍ ခေါ်လိုက်၏၊

"ကျွန်မတို့ကို ကြယ်တာရာအခန်းကို ခေါ်သွားပေးနိုင်မလား"

"နားလည်ပါပြီ ခင်ဗျ"

ဥာဏ်ပြေးပုံရသော စားပွဲထိုးက ပြုံး၍ ပြန်ဖြေလိုက်သည်။

ထျန်းရှန်းလော်တွင် သီးသန့်ခန်းများစွာရှိ၍ တစ်ခန်းချင်းစီ၏ အတွင်းပိုင်း အပြင်အဆင်များက လက်ရာမြောက်လှသည်။ ဒုတိယထပ်ရှိ ပတ်ဝန်းကျင်သည် ရိုမန့်တစ်အဆန်ဆုံးဖြစ်၏။ တတိယထပ်သည် မိသားစုတွေ့ဆုံပွဲများနှင့် ပုံမှန်ကျင်းပသော ပွဲများအတွက်ဖြစ်ပြီး စတုတ္ထထပ်နှင့် ပဥ္စမထပ်သို့မူ ကုန်သည်ကြီးများနှင့် နိုင်ငံရေးသမားများသာ သွားရောက်နိုင်သည်။ လုံခြုံရေးတင်းကြပ်၍ မည်သူကိုမှ ဝင်ခွင့်မပြုသော နေရာဖြစ်၏။ ၎င်း၏အပေါ်တွင်မူ ဟိုတယ်ခန်းများဖြစ်ကြပြီး အထပ်ပိုမြင့်လေ ဝန်ဆောင်မှုနှင့် ပတ်ဝန်းကျင် အပြင်အဆင်လည်း ပိုကောင်းလေဖြစ်သည်။

(T/N: တရုတ်စားသောက်ဆိုင်တွေမှာ များသောအားဖြင့် သီးသန့်ခန်းတွေ ရှိပါတယ်။)

အခန်းအား ကြိုတင်မှာယူထားသူမှာ ရှောင်ဟိုင်ချင်းဖြစ်၏။ သူတို့နှစ်ယောက်တည်းသာ ဖြစ်သဖြင့် သူမသည် ပတ်ဝန်းကျင်အပြင်အဆင် ပို၍ လှပသပ်ရပ်သော ဒုတိယထပ်မှ တစ်ခန်းကို ရွေးခြယ်လိုက်ခြင်းဖြစ်သည်။ အခန်းထဲမှ လိုက်ကာများကို ဖွင့်လိုက်သည်နှင့် သူတို့သည် ပထမထပ်တွင် ဖြစ်ပျက်နေသမျှအား မြင်နိုင်၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now