"ဟုတ်ပါပြီ။ ငါ ဧည့်ခံမယ်လေ"
ကျင်းယွင်ကျောင်းက ပြုံး၍ ပြောလိုက်သည်။
ပတ်ဝန်းကျင်ရှိ အတင်းအဖျင်းပမာဏသည် ဘယ်သောအခါမှ မသေးခဲ့သည်ဖြစ်ရာ ထိုကိစ္စသည် သူမအတွက် တကယ်ပင် ပြဿနာမရှိပေ။ သို့ရာတွင် သူမသည် ရှောင်ဟိုင်ချင်းအား သူမ၏ သူငယ်ချင်းအဖြစ် သတ်မှတ်ထားလိုက်ပြီဖြစ်၍ သူမ,ပေးသည့် အကြံကို လေးစားရပေမည်။
"နင် ဘာလို့ ယဥ်ကျေးနေတာလဲ။ ငါ ပိုက်ဆံမပြတ်ပါဘူးဟ။"
ရှောင်ဟိုင်ချင်းက မျက်မှောင်ကြုံ့လိုက်သည်။
ကျင်းယွင်ကျောင်းက ဇွတ်တရွတ် ဆိုလာပြန်၏။
"ဒါဆို ငါမသွားတော့ဘူး။"
ရှောင်ဟိုင်ချင််းက ဤစကားကိုကြားသောအခါ ကျင်းယွင်ကျောင်းကို စိုက်ကြည့်လိုက်သည်။ သူမ နှုတ်ခမ်းစူလိုက်၏။ သူမသည် ယခင်က ဤမျှခေါင်းမာလှပြီး အခြားသူအား အခွင့်အရေးနည်းနည်းလေးပင် မပေးချင်သည့် မိန်းကလေးမျိုး တစ်ခါမှ မတွေ့ဖူးပေ။ ဘယ်လိုတောင် ခေါင်းမာတဲ့ဟာလေးလဲ။ သို့သော် အမှန်အတိုင်းပြောရလျှင် သူမ ထိုအကျင့်စရိုက်လေးကို ပို၍ ပို၍ နှစ်သက်စ,ပြုလာပြီဖြစ်သည်။
"အိုခေလေ၊ ကောင်းပြီ။ နင် ဧည့်ခံပေါ့။ ဒါပေမယ့် သတိထားနော်၊ ငါက နင် ထိုင်ငိုတဲ့အထိ စားမှာ"
ရှောင်ဟိုင်ချင်းက ပျော်ရွှင်စွာပင် အလျော့ပေးလိုက်သည်။
သူတို့နှစ်ယောက်၏ အပြုအမူများမှာ တိုးတိုးသက်သာမဟုတ်သော်လည်း ဆရာမကျင်က ကျင်းယွင်ကျောင်းကြောင့် ကြိုးစားသည်းခံနေ၏။ သို့သော် သူတို့နှစ်ယောက်သည် ယခင်ကထက်ပင် ပို၍ ဆူညံစွာ တွတ်ထိုးလာကြလိမ့်မည်ဟု သူမ, မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် သူမသည် ရှောင်ဟိုင်ချင်းအား ကျောက်သင်ပုန်းပေါ်တွင် အဖြေထွက်ရေးခိုင်းဖို့ ခေါ်ရန် ဆုံးဖြတ်လိုက်သည်။ ရှောင်ဟိုင်ချင်းသည်လည်း အလွန်ထူးဆန်းသော မိန်းကလေးဖြစ်၏။ သူမ၏ စာမေးပွဲအဆင့်များသည် အကောင်းကြီးမဟုတ်သော်လည်း အတန်းထဲတွင်မူ သူမသည် မေးခွန်းများကို ပြီးပြည့်စုံစွာ ဖြေဆိုနိုင်သည်။ ရှောင်ဟိုင်ချင်း သူမ၏ ခုံသို့ ပြန်သွားသောအခါ ဆရာမကျင်သည် အံ့သြသော အမူအယာနှင့် ကျန်ရစ်နေခဲ့၏။
Chapter 52
Start from the beginning