ထိုညီအစ်ကိုများအားလုံးသည် ယောက်ျားလေးများဖြစ်ကြသည်။ ဘယ်တုန်းကများ သူတို့ မိန်းမတစ်ယောက်ကြောင့် ဒုက္ခရောက်ခဲ့ဖူးခြင်းရှိသနည်း။ မရှိခဲ့ဖူးသည်ဖြစ်၍ ဒေါသထွက်လွန်းသဖြင့် သူတို့၏မျက်နှာများက နီရဲနေကြ၏။

အထူးသဖြင့် လုကျားက သူတို့ဘက်မှ အားပေးနေသောကြောင့် သူတို့ သွေးများဆူပွက်လာကြသည်။ သူတို့သည် ကျင်းယွင်ကျောင်းအား ဓါးဖြင့် ထိုးချင်နေပြီး ကိစ္စများကို အဆုံးသတ်ပစ်ချင်နေကြ၏။

အကြီးဆုံးဝမ်းကွဲသည် အသက်နှစ်ဆယ်ကျော်အရွယ်ဖြစ်သည်။ သူသည် ခွန်အားရှိပြီး အတွေ့အကြုံအချို့လည်း ရှိ၏။ သူသည် ကျင်းယွင်ကျောင်း အခြားဝမ်းကွဲသုံးယောက်နှင့် အလုပ်ရှုပ်နေသည်အား အခွင့်ကောင်းယူ၍ အခွင့်အရေးကို အမိအရယူလိုက်ကာ ကျင်းယွင်ကျောင်းဆီသို့ ဦးတည်၍ ကျောက်ခဲဖြင့် ပစ်လိုက်သည်။

ထိုသူများသည် လူသတ်လိုသော ဆန္ဒများ နိုးကြားနေကြပြီဖြစ်၏။ လုကျား တစ်ဦးတည်းသာလျှင် စိတ်အာရုံ ကြည်လင်နေသူဖြစ်၍ ကြောက်ရွံ့ထိတ်လန့်နေသည်။

ကျောက်ခဲသည် အလွန်ချွန်မြနေ၏။ အကယ်၍ ပစ်မှတ်ကိုသာ ထိသွားမည်ဆိုလျှင် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရစေမည်မှာ အသေအချာပင်။ ၎င်းမှာ အသက်ပင် သေစေနိုင်၏။

လုကျားသည် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ် အရွယ်သာရှိသေးသော မိန်းကလေးတစ်ဦးဖြစ်၍ သူမသည် ထိုမြင်ကွင်းကို မြင်သောအခါ ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ ကိစ္စများက ဖြစ်ပြီးသွားခဲ့ပြီဖြစ်ရာ သူမ အချိန်မီ မတားလိုက်နိုင်ချေ။ သို့သော် ကျင်းယွင်ကျောင်း၏ မုန်းစရာကောင်းသော မျက်နှာကို မြင်သောအခါ သူမသည် တစ်ခုခုပြောလိုက်ရန် တွန့်ဆုတ်နေပြန်သည်။

လဲကျသောအသံ ထွက်ပေါ်လာ၏။ ကျောက်ခဲကြီးလည်း မြေပေါ်သို့ ကျသွားသည်။

"စန်းပြောင်ကော"

လုကျားသည် ထိုမြင်ကွင်းအား မြင်ပြီး မှင်သက်သွား၏။

သူမ၏ စန်းပြောင်ကောသည် ခေါင်းတွင် သွေးများ စိုရွှဲနေပြီး မြေပေါ်သို့ လဲကျသွားကို မြင်လိုက်ရသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now