"ဒီလူအိုကြီးရဲ့မျိုးရိုးနာမည်က 'ရှု' ပါ၊ မင်းကို အစောပိုင်းက စိတ်မသက်မသာဖြစ်သွားစေခဲ့လို့ တောင်းပန်ပါတယ်။ ဗွေမယူဖို့ မျှော်လင့်ပါတယ်"
"ကိစ္စမရှိပါဘူး။ အဖိုး"
ကျင်းယွင်ကျောင်းက သူ့အားကြည့်ရင်း အပြစ်မတင်ကြောင်း ပြန်ဖြေလိုက်၏။
မျိုးရိုးနာမည် ရှု နှင့် အဖိုးအိုသည် အလွန်အားကုန်နွမ်းလျသွားပုံရကာ အိမ်ဘက်သို့ လှည့်ပြန်သွားသည်။ သို့သော် သူက ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ပြန်လှည့်လာပြီး သူမအား ကြည့်လိုက်၏။
"မင်းမှာ ထပ်ရောင်းစရာ ပစ္စည်းတွေကျန်သေးလား"
ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်၏။ သူမတွင် ပစ္စည်းများစွာ ကျန်ရှိနေသေးသည်။
"မနက်ဖြန် ဒီလိုအချိန် ထပ်လာခဲ့ပါ"
အဖိုးအိုက စကားအနည်းငယ်ပြောပြီး ထွက်သွား၏။
ကျင်းယွင်ကျောင်းက ထူးဆန်းသည်ဟု ခံစားလိုက်ရသော်လည်း ဆေးဆိုင်မှ လူများက သူ့အား အဘယ်ကြောင့် လူထူးဆန်း၊ အပေါက်ဆိုးသော အဖိုးအိုဟု ခေါ်ကြကြောင်း နားလည်သွားသည်။ သူကဲ့သို့ အများနှင့်မတူဘဲ တစ်မူထူးခြားသောသူအား ဟွားနင်တစ်ခရိုင်လုံးတွင်ပင် ရှာတွေ့လိမ့်မည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ သူသည် အဖိုးအိုတစ်ယောက်သာဖြစ်၏။ သူက သူမအား အန္တရာယ်ပြုမည်ကို မစိုးရိမ်ပေ။ သူမကိုယ်သူမ ကာကွယ်နိုင်စွမ်းရှိသည်။
ကျင်းယွင်ကျောင်းသည် အိမ်သို့ တိုက်ရိုက်ပြန်သွားလိုက်သည်။ သူမ အိမ်သို့ပြန်ရောက်သောအခါ စူးချူက သူမအား စိတ်ပူစွာ ကြည့်နေပြီး စူးချူ၏ဘေးရှိ ဆိုဖာပေါ်တွင် ထိုင်နေသော ကောင်လေးတစ်ယောက်ကိုလည်း မြင်လိုက်ရ၏။ သူ့အား ကြည့်ရသည်မှာ သန့်ရှင်းသပ်ရပ်နေပြီး အတော်လေး ကြည့်ကောင်းသည်။ သူက ကန်ကျင်းချန် ဖြစ်ရမည်။
"ပြောင်ကျဲ၊ အစ်မက ငါတို့ထက် ပိုသတ္တိရှိတာပဲ။ အစ်မက တအားနောက်ကျတဲ့အချိန်အထိ အပြင်ထွက်ရဲတယ်။ လူဆိုးတွေနဲ့ တွေ့မှာ မကြောက်ဖူးလား"
Chapter 40
Start from the beginning