သူမသည် သတ္တိရှိပြီး ဖြောင့်မတ်ပုံပေါ်သော်လည်း အမှန်တကယ်မှာ သူမက ကြွက်တွင်းတစ်တွင်းကို ရှာ၍ ပုန်းနေချင်ခဲ့၏။ ၎င်းမှာ သူမ ဘယ်လောက် စိတ်လှုပ်ရှားနေကြောင်း ဖော်ပြနေသည်။

ကျင်းယွင်ကျောင်းသည် တစ်ယူသန်တစ်ယောက် မဟုတ်ပေ။ နေရာအနေအထားက မသင့်တော်လေရာ သူမသည် ကျန်ရှနှင့် ယဲ့ချင်းတို့ ဆူဆူညံညံပြောဆိုနေကြသည်အား မသိချင်ယောင်ဆောင်၍သာ နေသည်။

တစ်ဖက်တွင်မူ ရှောင်ဟိုင်ချင်းက သူမ၏ ထိုင်ခုံဖော်အား ကျင်းယွင်ကျောင်းနှင့် ထိုင်ခုံချင်းလဲရန် အမိန့်ပေးလိုက်သည်။

ခဏအတွင်းမှာပင် ကျင်းယွင်ကျောင်းသည် ထိုင်ခုံနေရာ နှစ်ခါပြောင်းခဲ့ပြီးဖြစ်၏။ ဘယ်သူကမှ ထိုမြန်နှုန်းကို လိုက်မမီနိုင်ပေ။

ဆရာမကျင် ဝင်လာသောအခါ သူမသည် သူတို့ကို တစ်ချက်သာ ခပ်မြန်မြန်ကြည့်လိုက်၏။ သူမက သူတို့အား မငေါက်ရုံသာမက သူမသည်လည်း အမှန်တကယ်ပင် အတော်လေး ကျေနပ်နေပုံရသည်။

ကျင်းယွင်ကျောင်း၏ အဆင့်များသည် ကောင်း၏။ အတန်း၏နောက်တွင် ထိုင်ခြင်းက သူမ၏အရည်အသွေးအား ထိခိုက်စေသည်။ အဘယ်ကြောင့် သူမအနေနှင့် ထိုဖြစ်ရပ်ကို ခွင့်ပြုထားရမည်နည်း။ အကယ်၍ သူမ၏ဘေးတွင် မည်သူမှ မထိုင်ချင်လျှင်တောင်မှ ဆရာမကျင်က ကျင်းယွင်ကျောင်းအား သူမ၏ မျက်စိအောက်တည့်တည့်တွင်သာ ထိုင်စေချင်လိမ့်မည်ဖြစ်သည်။

သူမ ပြန်လည်မွေးဖွားပြီးနောက် ပထမဆုံးကျောင်းတက်ရက်၌ သူမသည် အစောပိုင်း အနှောက်အယှက်အသေးအမွှားတို့ကလွဲလျှင် ပြဿနာကြီးကြီးမားမားမရှိဘဲ ဖြတ်သန်းခဲ့ရ၏။

ထူးဆန်းသည်က ကျောင်းဆင်းသောအခါ ကျင်းယွင်ကျောင်းသည် သူမ၏စာအုပ်ကြားထဲတွင် မှတ်စုစာရွက်လေးတစ်ရွက် ရှိနေသည်ကို တွေ့လိုက်ရသည်။ 'ငါက နင့်ကို ကောင်းစေချင်လို့ပါ။  စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်' ဟု ရေးထား၏။

မှတ်စုစာရွက်တွင် နာမည်တပ်မထားသော်လည်း ကျင်းယွင်ကျောင်းသည် စာအရေးအသားမှတစ်ဆင့် မည်သူရေးမှန်း သိနိုင်လေသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now