ဒေါသထွက်ရမည့်အစား ကျင်းယွင်ကျောင်းက ရယ်မောလိုက်၏။

"ဒါဆိုရင်တော့ ကြည့်ရတာ အတန်းခေါင်းဆောင်ရဲ့မျက်လုံးတွေက အလုပ်ကောင်းကောင်း မလုပ်တော့တဲ့ပုံပဲ။ နင် ငါ့ကို ဘယ်နေရာကြည့်ပြီး အခက်အခဲဖြစ်နေတဲ့ပုံလို့ မြင်နေတယ် ငါမသိဘူး။ ဒါ့အပြင်လည်း ငါတို့က ထိုင်ခုံဖော်တွေပဲဟာ၊ လက်ထပ်ထားတဲ့ စုံတွဲလည်း မဟုတ်ဘူး။ အပြောအဆိုတွေ ရင်းနှီးလွန်းနေတာ မကောင်းဘူးလေ၊ ဟုတ်တယ်မလား"

သူတို့အားလုံးသည် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ် ကျောင်းသားများသာဖြစ်သည်။ ကျန်ရှသည် "လက်ထပ်ပြီးသားစုံတွဲ" ဟူသော စကားကို ကြားသောအခါ သူ၏မျက်နှာသည် ချက်ချင်း ရဲတောက်သွား၏။

သူ အနည်းငယ် စိတ်အနှောက်အယှက်လည်း ဖြစ်သွားသည်။

"ငါတို့အားလုံးက အတန်းဖော်တွေပဲ"

သူက စတင်ရှင်းပြလာ၏။

"အတန်းခေါင်းဆောင်၊ နင် ဘေးအခန်းက ချောင်ဟုန်ယဲ့ကို ကြိုက်နေရင်လည်း သတ္တိမွေးပြီး သူ့ကို သွားဖွင့်ပြောလိုက်ပါ။ ငါ ဆရာမတွေကို နင်တို့ရဲ့ဆယ်ကျော်သက်အချစ်ဇာတ်လမ်းကို ပြန်မတိုင်ပါဘူး၊ ဒါပေမယ့် ကျေးဇူးပြုပြီးတော့ ငါ့ကို နင်နဲ့အတူ ဆွဲမချပါနဲ့လား။ ပြီးတော့ ငါက လူတွေနဲ့ အရမ်းနီးနီးကပ်ကပ်နေရတာကို မကြိုက်ဘူး၊ ဒါကြောင့် နောက်ကျရင် နင် ငါ့စာရေးခုံပေါ်က ဘာကိုမှ မထိဘဲ နင့်ခုံမှာပဲ နင်နေဖို့ တောင်းဆိုချင်တယ်"

ကျင်းယွင်ကျောင်းက ဆက်တိုက်ပြောပစ်လိုက်သည်။ သူမ၏အသံမှာ မကျယ်သော်လည်း စကားလုံးတိုင်း စာကြောင်းတိုင်းက ကျန်ရှအား  တိုက်ခိုက်သွားသည်ဖြစ်ရာ သူသည် မှင်သက်၍ ကျန်ခဲ့၏။

သူသည် သူ၏ဂုဏ်သတင်းကို အလေးထားသော အသက်အရွယ်ဖြစ်သည်။ အထူးသဖြင့် ကျန်ရှကဲ့သို့သော ယောကျာ်းလေးမျိုးသည် အတန်းခေါင်းဆောင်ဖြစ်ပြီးနောက်တွင် ကျောင်းသားများကြား၌ ထင်းထွက်နေချင်ကာ ကြည့်လိုက်သည်နှင့် ကျန်လူများနှင့် မတူညီသော အရှိန်အဝါလည်း ရှိနေချင်သည်။ မိန်းကလေးများဆီကမူ ပို၍အထင်ကြီးလေးစားသော အကြည့်များကို လက်ခံချင်သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now