အခန်း-(၄၅)

Start from the beginning
                                    

သိုင်းလောကမှအမည်ကျော်ကြားသူတို့မှာတစ်ဦးကိုတစ်ဦးနှုတ်ခွန်းဆက်နေကြပြီးနောက် နောက်ကျမှ
ပြိုင်ပွဲနေရာသို့ဝင်ရောက်လာသည့်သူကိုအမြင် အကုန်လုံးကအံ့ဩမင်သက်သွားရသည်။အဓိကမှာရှင်းမန်ဂိုဏ်း၏ဂိုဏ်းချူပ်နှင့်ဂိုဏ်းသားများမှာပို၍အံ့အားသင့်နေရပေ၏။
ဝင်လာသူမှာအခြားသူမဟုတ်ပေ။ရှင်းမန်း၏ဂိုဏ်းချုပ်ဟောင်း၊ပါရမီရှင်ဟူ၍အမည်ကျော်ကြားသူ
ယဲ့လီချန်းချိုးပင်......။သူက မိုးပြာရောင်ရှိသောဝတ်ရုံကိုဝတ်ဆင်ထားပြီးသူ၏မူပိုင်ချီလင်းဓားရှည်ကခါးထက်၌ချိတ်ဆွဲထားခဲ့သည်။သူ၏လျှောက်လှမ်းပုံသည်ကားရှင်းမန်း၏ဂိုဏ်းချုပ်ဖြစ်ခဲ့စဥ်ကကဲ့သို့မာန်ပါနေဆဲဖြစ်ပြီး မည်သို့သောကြောက်ရွံ့မှုမျိုးမှရှိမနေချေ။ သူသည်ကား သိုင်းလောက၏အမည်ကျော်ကြားလှသောနတ်ဓါးသခင်ယဲ့လီချန်းချိုးပင်ဖြစ်ပေ၏။
သိုင်းလောက၏ဂိုဏ်းချုပ်နေရာသို့တက်လှမ်းချင်သည့်စိတ်ဆန္ဒရှိသောသိုင်းသမားတော်တော်များများမှာယဲ့လီချန်းချိုးကိုအမြင် မျက်နှာပျက်ယွင်းကုန်ကြရသည်။ သူတို့က ယဲ့လီချန်းချိုးလာရောက်မည်ဟုလုံးဝမထင်ထားခဲ့ချေ။ထိုကြောက်မက်ဖွယ်သတ်ဖြတ်မှုကြီးဖြစ်ပွားပြီးကတည်းက ယဲ့လီချန်းချိုးမှာသိုင်းလောကသို့မည်သို့မျှပြန်မလာတော့ဟု အတိအလင်းကြေငြာပြီးကာမှ အဘယ်ကြောင့်ဤသို့ပြန်လာရပါသနည်း။ သူတို့အားလုံးမှာသိလိုစိတ်ပြင်းပြလာရသည်။ ရှင်းမန်၏ဂိုဏ်းချုပ်လျန်ရှို့မှာ သူ၏အံ့အားသင့်မှုကိုထိန်းချုပ်နိုင်လိုက်ပြီးနောက် လူအများ၏အကြည့်ကိုဂရုမစိုက်စွာနှင့်လျှောက်လှမ်းလာသောယဲ့လီချန်းချိုးထံသို့ရိုသေစွာနှုတ်ဆက်လာ၏။

"သာ့ရှစ်ရှုန်း* "

"ဂိုဏ်းချုပ်လျန်အားနာစရာမလိုပါဘူး။ကျွန်တော်က ရှင်းမန်ဂိုဏ်းကမဟုတ်တော့တာမို့ ထုံးတမ်းစဥ်လာတွေမလိုအပ်ဘူး။ "

"မဟုတ်တာ သာ့ရှစ်ရှုန်းက သိုင်းလောကမှာမနေတော့ရင်တောင် ကျွန်တော့်ရဲ့သာ့ရှစ်ရှုန်းပါပဲ။ ကျွန်တော့်ကိုလည်းရှစ်တိ*လို့ဆက်ခေါ်လို့ရပါတယ်။"

"....ကောင်းပြီ။ ရှစ်တိ မင်းရောဒီကိုပြိုင်ဖို့လာတာလား? "

ယဲ့လီချန်းချိုး၏အမေး၌လျန်ရှို့မှာအသာခေါင်းယမ်းပြလာသည်။ သူတို့မှာအဘယ်သတ္တိရှိ၍ခေါင်းဆောင်နေရာသို့တက်လှမ်းနိုင်ပါအံ့နည်း။ သိုင်းလောက၏ခေါင်းဆောင်နေရာမှာတာဝန်ဝတ္တရားကြီးမားလှပေသည်။ သိုင်းလောက၏ပဠိပက္ခမျိုးစုံ၊ဂိုဏ်းများကြားမှရန်ကြွေးများကိုဖြေရှင်းပေးရမည့်အပြင် မိစ္ဆာဂိုဏ်းများနှင့်လည်းထိပ်တိုက်ရင်ဆိုင်တွေ့ရပေဦးမည်။ အထူးသဖြင့်သူတို့မှာမိစ္ဆာသခင်သုံးဖော်အားထိပ်တိုက်ရင်ဆိုင်လိုစိတ်မရှိပေ။ ထိုသုံးယောက်မှာရူးသွပ်မှု၊ရက်စက်မှုအပေါင်းသရဖူဆောင်းထားသူများဖြစ်ပြီး သိုင်းလောကခေါင်းဆောင်နေရာရရှိထားသူအား တစစီဆွဲဖြဲပစ်မှာအမှန်ပင်ဖြစ်၏။
ထို့ကြောင့် ဂိုဏ်းချုပ်အများစုမှာ သိုင်းလောကခေါင်းဆောင်နေရာအား စိတ်ဝင်စားသော်လည်းယှဥ်ပြိုင်တိုက်ခိုက်ရယူရန်မဝံ့ရဲကြပေ။ သူတို့ထံ၌ ဂိုဏ်းကိုကာကွယ်ရမည့်ဝတ္တရားအပြည့်အဝရှိသည်မို့ မိစ္ဆာဂိုဏ်းများနှင့်ပတ်သတ်ဆက်နွှယ်မိကာဘေးဒုက္ခရောက်မည့်အဖြစ်မျိုး မဖြစ်လိုကြချေ။ အတွယ်တာကင်းမဲ့သောတစ်ကိုယ်တော်သိုင်းပညာရှင်အများစုကသာဤနေရာကိုတပ်မက်ရဲကြခြင်းဖြစ်၏။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now