အခန်း-(၃၀)

4.1K 444 9
                                    

အခန်း(၃၀)
သစ္စာခံခြင်းနှင့်မဟာမိတ်

"ဒီနယ်စပ်ကနေပြီးတော့
ယန်အိမ်ရှေ့စံကလာမှာပေါ့.. "

"ဟုတ်ပါတယ် ခေါင်းဆောင်
သတင်းတွေအရဆို သူကဒီလမ်းကြောင်းကနေပဲလာမှာသေချာပါတယ်။"

ယီကွမ်းမှာထျန်းပေါင်၏စကားကြောင့်ခေါင်းအသာငြိမ့်မိလိုက်ပြီး သူတို့ပုန်းခိုနေသောသစ်ပင်၏ပင်စည်သို့အသာကျောမှီလိုက်မိသည်။ ဤနေရာ၌စောင့်ဆိုင်းနေသူက သူတို့ချည်းပဲမဟုတ်မှန်းတွေးမိသည့်အခါ ယီကွမ်း၏နှုတ်ခမ်းပါး၌ အပြုံးတစ်ခုစွဲထင်လာရပြီး နောင်နာရီပိုင်းအတွင်းဖြစ်ပေါ်လာမည့် ကိစ္စများကို မျှော်လင့်စောင့်စားလျက်ရှိနေခဲ့ပေ၏။ သူတို့စောင့်ဆိုင်းနေသည့်ပတ်ဝန်းကျင်၌မူ ပုရစ်အော်သံတစ်ချက်တစ်ချက်သာကြားရပြီး လရောင်ဖြဖြအောက်၌ အရာရာကတိတ်ဆိတ်လျက်ရှိသည်။
ယီကွမ်းမှာထိုတိတ်ဆိတ်မှုကိုနှစ်သက်စွာခံစားရင်း သူတို့၏ပစ်မှတ်ကို စောင့်မျှော်လျက်ရှိနေခဲ့သည်။

ရှီချန်တစ်ဝက်မျှအချိန်သို့ရောက်သည့်အခါ မြင်းသံ၊လူသံတို့ဆူညံစွာဖြင့် နယ်စပ်မြို့မှဖြတ်သန်းလာသည့်အသံကိုကြားလိုက်ရပြီး ယီကွမ်း၏မှိတ်ချထားခဲ့သောမျက်ဝန်းနက်တစ်စုံမှာပြန်လည်ပွင့်ဟလာခဲ့ရသည်။ သူ၏မျက်ဝန်းအစုံ၌မူ စိတ်လှုပ်ရှားတက်ကြွသည့်အရိပ်အယောင်တို့ဖုံးလွှမ်းနေခဲ့ပြီး ခပ်လှမ်းလှမ်းအနေအထားမှမြင်တွေ့ရသည့် ခမ်းနားထည်ဝါစွာလျှောက်လှမ်းလာကြသော ယန်တိုင်းပြည်မှလူများ၊မြင်းများ၊လှည်းများကိုကြည့်ရှုနေခဲ့ပေသည်။ကြီးမားထည်ဝါလှသောမြင်းလှည်းများက လီတိုင်းပြည်အတွက် လက်ဆောင်ပဏ္ဍာဖြစ်ဟန်တူပြီး ယန်တိုင်းပြည်၏ခမ်းနားကြွယ်ဝမှုကိုဖော်ပြလျက်ရှိပေသည်။ သို့သော်ယီကွမ်းကမူ လူတစ်ဦးတည်းထံ၌သာအကြည့်များက မြဲမြံနေခဲ့သည်။
ယန်တိုင်းပြည်အိမ်ရှေ့စံ
ယန်လျန်ဖုန်း~

ထိုသူက အပြာရင့်ရောင်ကိုရွှေရောင်ဖောက်သော ယန်တိုင်းပြည်ရိုးရာတော်ဝင်အဝတ်အစားကိုဆင်မြန်းထားပြီး ချောမောခန့်ညားသည့်အသွင်အပြင်က ယန်တော်ဝင်သွေးဆက်ဆိုသည်အား ပြသနေသည့်အလားပင်....။ သူ၏ဆံပင်ရှည်ကိုမူ ခပ်မြင့်မြင့်စည်းနှောင်ထားပြီး ထိုဆံပင်စည်းနှောင်မှုအားရွှေကြိုးများဖြင့်ပတ်နွှယ်ထားသည်။ ယန်စစ်ဖုန်းမှာ ထောင်မောင်းကြီးမားသောအရပ်ရှိပြီး လူအများကြောက်ရွံ့လေးစားရသည့်အသွင်ရှိသော်လည်း ယီကွမ်းအနေနှင့်မူ ထိုသူကိုစကားလုံးနှစ်လုံးဖြင့်သာဖော်ပြ၍ရနိုင်ပေသည်။

||Lost Love|| (矢恋 ) (Completed) Where stories live. Discover now