သူမ ထိုကိစ္စအား စဥ်းစားနေစဥ်မှာပင် မှတ်ဥာဏ်အပိုင်းအစတစ်ခုက သူမ၏ဦးနှောက်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာရာ သူမ ချက်ချင်းပင် ပျော်ရွှင်သွားတော့၏။

ကျောက်စိမ်းအပိုင်းက ဤကဲ့သို့သောအရာကိုလည်း ဖုံးကွယ်ထားသေးသည်လား။

သူမက ခပ်သွက်သွက် အာရုံစိုက်လိုက်ရာ အဖြေသည် သူမ၏ဦးနှောက်ထဲသို့ ဝင်ရောက်လာတော့သည်။

ဤ "ဆွဲသီးထဲရှိကမ္ဘာ" နေရာလွတ်နယ်မြေသည် ဘိုးဘေး၏မွေးရပ်ဖြစ်ရုံတင်သာမကဘဲ ရတနာသိုက်တစ်ခုလည်း ဖြစ်၏။ သက်မဲ့များကိုသာ ထည့်နိုင်သည့် အခြားနေရာလွတ်နယ်မြေများနှင့် မတူသည်မှာ ဤနေရာလွတ်နယ်မြေသည် သူမ၏စိတ်စွမ်းအား တိုးပွားလာသည်နှင့်အညီလိုက်၍ ကျယ်ပြန့်လာနိုင်၏။

ကျင်းယွင်ကျောင်းက ကျောက်စိမ်းအပိုင်းတစ်ပိုင်းကို စုပ်ယူလိုက်ချိန်တိုင်း ၎င်းက သူမ၏မှတ်ဥာဏ်စွမ်းအား ကျယ်ပြန့်လာသည်နှင့် တူညီသည်။ ၎င်းနှင့်အညီ သူမ၏စိတ်စွမ်းအင်ကလည်း အလိုအလျှောက် တိုးပွားလာ၏။

အကယ်၍ သူမသည် သူမကိုယ်တိုင် ရိတ်သိမ်းရမည့် ပြဿနာကို ဖြေရှင်းလိုပါက သူမ လုပ်ရမည်မှာ မြေပေါ်သို့ လတ်ဆတ်သော သွေးစက်တစ်စက် ချပေးရုံသာဖြစ်၏။ ၎င်းသွေးစက်က  ဤနေရာလွတ်နယ်မြေ၏ မှော်စွမ်းအင်များကို ဆွဲဆောင်လိုက်ပြီးနောက် ထိုစွမ်းအင်များက သူမ၏ ပြဿနာများအားလုံးကို ဖြေရှင်းပေးမည် ဖြစ်သည်။

ယခုအခါတွင် နည်းလမ်းကို ရှာတွေ့သွားပြီဖြစ်ရာ ကျင်းယွင်ကျောင်းသည် ၎င်းကို စမ်းသပ်ကြည့်ရန် မစောင့်နိုင်တော့။

သူမသည် သူမ၏လက်ချောင်းထိပ်ကို ကိုက်ဖောက်လိုက်ပြီး မြေပေါ်သို့ သွေးစက်တစ်စက်ချလိုက်ကာ ၎င်းသွေးစက် ပျောက်ကွယ်သွားသည်အား စောင့်ကြည့်နေလိုက်သည်။ တစ်စက္ကန့်အတွင်းမှာပင် သွေးစက်ပျောက်ကွယ်သွားသော နေရာမှ အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။

ကျင်းယွင်ကျောင်းက နောက်ဆုတ်လိုက်ပြီး ထိုအလင်းတန်းများထဲမှ ရေခဲပြာရောင် ပိုးကောင်သေးသေးများ အစုလိုက်ထွက်လာသည်အား ကြည့်နေလိုက်သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now