ချောင်ဝေ့မင်၏မျက်နှာက နီရဲနေသည်။

သူသည် ရောက်လာမည့်သူအား အဖိုးကြီးတစ်ယောက်ဟု မထင်ခဲ့ပေ။

"ဒါဆိုရင် ဒီက ချောင်လူကြီးမင်း၊ ဒါက ကျုပ်တို့ ပထမဆုံးအကြိမ်တွေ့တာ မဟုတ်ဘူးဆိုတော့ ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။ ကျုပ် ဒီကလေးရဲ့ဆေးညွှန်းကိုမြင်တော့ ဒါက ခင်ဗျားရဲ့ဇနီးကို ကယ်တင်နိုင်မှာပဲလို့ သေချာပေါက် ယုံကြည်ခဲ့ပေမယ့် ခင်ဗျားက အဲဒါကို သုံးဖို့ ငြင်းလိုက်တယ်။ အဲဒီအချိန်ကတည်းက ကျုပ်က ခင်ဗျားကို ကျိုးကြောင်းဆီလျော်မှုမရှိတဲ့သူလို့ ခံစားခဲ့ရတာ။ အခုတော့ ခင်ဗျားက ကိုယ့်ဇနီးအပေါ်မှာ ရက်စက်ပြီး ကရုဏာတရားကင်းမဲ့ရုံတင်မဟုတ်ဘဲ ဒီလို ကလေးလေးတစ်ယောက်အပေါ်မှာတောင် မေတ္တာတရားမရှိတဲ့သူပဲ။"

ကန်စုန့်ပိုင်က သက်ပြင်းတစ်ချက်ချလိုက်သည်။

သူ၏ခေါင်းမာမှုကြောင့် ဘဝတစ်ခု အဆုံးသတ်သွားခဲ့ရ၏။

ယခု ကန်စုန့်ပိုင် ရောက်ရှိလာချိန်၌ ချောင်ဝေ့မင်တွင် ပါးစပ်ပေါက်တစ်ထောင်ရှိလျှင်တောင် အဓိပ္ပာယ်မရှိသောစကားများကို ကရားရေလွှတ် ဆက်ပြောရန်အတွက် နည်းလမ်းမရှိတော့ပေ။

ထိုအစား သူသည် ကျင်းယွင်ကျောင်းက လိမ်ညာနေသည်ဟု ယုံကြည်နေသေးသော်လည်း သူ့တွင် သက်သေပြစရာမရှိပေ။ သူ၏ရင်ထဲတွင် ဒေါသများနှင့် ပြည့်နှက်နေသော်လည်း လက်လျှော့လိုက်ရသည်။ ထို့နောက် သူက ခြေလှမ်းပြင်၍ ထွက်သွားဟန်ပြင်လိုက်၏။

သို့သော် သူထွက်မသွားရသေးမီမှာပင် ဒါရိုက်တာက သူ့ဘက်သို့ လှည့်လာခဲ့သည်။

ထိုနေ့မှာပင် ဒါရိုက်တာက မြို့နယ်လူမှုဖူလှုံရေးကော်မတီရုံးသို့ ဆက်သွယ်ခဲ့ပြီး သူ၏အုပ်ထိန်းသူအခွင့်အရေးအား ပြန်လည်စဥ်းစားပေးပါရန် လျှောက်ထားခဲ့သည်။

နင်းရှန်းမြို့သည် ဟွားနင်ခရိုင်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သေးငယ်၏။ ထိုသို့သောကိစ္စများ၌ ရှုပ်ထွေးသော လုပ်ထုံးလုပ်နည်းများနှင့် ကိုင်တွယ်ရန် မလိုအပ်ပေ။ အရေးပါသော အချက်မှာ ကျောင်းက ပါဝင်ပေးရန်သာဖြစ်ပြီး အကြောင်းအရင်းကို ရှင်းလင်းတင်ပြပြီးသည်နှင့် ကောက်ချက်တစ်ခု ချက်ချင်းချလိုက်နိုင်သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now