သမားတော်ကန်က အလွန်သိချင်နေသည်။ ဤမိန်းကလေးသည် အသက်ဆယ့်ခြောက်နှစ်ပင် မပြည့်သေးသော်လည်း ငွေရှာရန် ကိုယ်ပိုင်စျေးဆိုင်လေး ဖွင့်နိုင်နေပြီလား။

တဖန် ၎င်းမှာ စိတ်မကောင်းဖြစ်စရာပင်။ သူမ၏ဖခင်သည် အကျိုးအမြတ်ကလွဲ၍ ဘာမှ ခေါင်းထဲမရှိသော လူတစ်ယောက်ဖြစ်၏။ ဇနီးဖြစ်သူ အိပ်ယာထဲ လဲနေစဥ်မှာပင် သူသည် သူမ၏ဆေးများကို ဆေးရုံသို့ ပြန်သွင်းရန် တွေးနေခဲ့သေးသည်။ ထို့အပြင် သူ၏ဇနီးဖြစ်သူအား ကယ်တင်ရန် အခွင့်အရေးရှိသော်လည်း သူက ငြင်းပယ်ခဲ့သည်။

သမားတော်ကန်သည် ထိုကဲ့သို့သော လူတစ်ယောက်၌ လိမ္မာထက်မြက်သည့် သမီးတစ်ယောက်ရှိနေသည်ကို နားမလည်နိုင်ချေ။

ဆယ်ကျော်သက် မိန်းကလေးသည်လည်း အဖိုးအိုအား အထင်ကြီးလေးစားနေသူဖြစ်ရာ သူမက နောက်တနေ့ နေ့လည်တွင် သူ့ဆီသို့ ပန်းသီးများပို့ပေးခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ယခင်ဖြစ်စဥ်၌ သူက သူမအား ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်သည့် သဘောဖြစ်၏။

"ငါ့ကို ကျေးဇူးတင်စရာမရှိပါဘူးကွယ်။ ငါကသာ မင်းကို ကျေးဇူးတင်ရမှာပါ။ အို..စကားစပ်မိလို့ ငါ မင်းရဲ့ဆေးညွှန်းကို အချောင်မယူနိုင်ဘူး။ ငါနဲ့ ဘဏ်ကိုလိုက်ခဲ့။ ငါ မင်းကိုပေးဖို့ပိုက်ဆံနည်းနည်းထုတ်မလို့။"

သမားတော်ကန်က အလျင်အမြန် ပြောလိုက်သည်။

သမားတော်များအတွက်မူ ဆေးညွှန်းများသည် အလွန်အဖိုးတန်၏။ ဤလုံမပျိုလေး၏ ဆေးညွှန်းကိုသာ ကောင်းကောင်းမွန်မွန် အသုံးပြုပါက ငွေရေးကြေးရေး မဆိုထားနှင့်၊ သမားတော်၏ဂုဏ်သတင်းသည်ပင် အလွန်တိုးပွားလာမည်ဖြစ်သည်။

ဆေးပညာရပ်ကို လေ့လာနေသူများသည် ငွေကြေးအတွက် ၎င်းကို လေ့လာသည်မဟုတ်သော်လည်း သူတို့သည် ဂုဏ်သတင်းကိုမူ အတိုင်းအတာတစ်ခုအထိ အလွန်အလေးထား၏။ ထို့အပြင် သူသည် အနာဂတ်တွင် ရောဂါတူသောသူတစ်ယောက်ကို တွေ့ပါက သူမ၏ဆေးညွှန်းကို အသုံးပြုမည်ဖြစ်သည်။ သို့ရာတွင် ထိုအခြေအနေသာဆိုပါက သူမအနေနှင့် အလွန်နစ်နာ၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now