ကျင်းယွင်ကျောင်း၏အမူအယာတွင် ဝမ်းနည်းသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး သူမက ဆက်ပြောလာသည်။
"ကျွန်မရဲ့အဖေဆီကပါ။"
သူမ ပြောပြီးသည်နှင့် ထိုနေရာတွင် ရှိနေသော ဆရာဆရာမများအားလုံး လန့်ဖျပ်သွား၍ ကျောထဲက စိမ့်တက်သွားကြ၏။ကျင်းယွင်ကျောင်းသည် တစ်ကျောင်းလုံးတွင် အတော်ဆုံးကျောင်းသူဖြစ်သည်။ သူမ၏မိသားစုအရေးကိစ္စများအားလုံးနီးပါးကို စေ့စေ့စပ်စပ် စုံစမ်းထားရသောကြောင့် သူမတွင် ချောင်ဝေ့မင်ဟုခေါ်သော ပထွေးတစ်ယောက်ရှိကြောင်း သူတို့အားလုံးသိထားကြ၏။
အကယ်၍ သူသာ သူမ၏ဖခင်အရင်းဖြစ်ပါက သူမအား ဘယ်တော့မှ ဤကဲ့သို့အကြမ်းဖက်မည်မဟုတ်ပေ။
ဆရာမကျင်က သဘောပေါက်သွားပြီး မတ်တပ်ရပ်လိုက်ကာ
"သူက မင်းကိုရိုက်ခဲ့တာလား။ ဘာလို့လဲ။ ကျင်းယွင်ကျောင်း ဆရာမကို အကုန်ပြောပြ။ နောက်ဆုံး ဘာတွေဖြစ်ခဲ့လို့လဲ။ မင်းက သူ့ကို စိတ်ဆိုးအောင် လုပ်ခဲ့မိလို့လား။"
"အဲဒါ တကယ်တော့ ဘာမှမဟုတ်ပါဘူး။ ဆန်ပြုတ်တစ်ပန်းကန်ကြောင့်ပါ။ ဆန်ပြုတ်က အေးနေတော့ ကျွန်မက အဲဒါကိုစားရင် ဗိုက်နာမှာကြောက်တာ။ ဒီနေ့ ဖြေရမယ့်စာမေးပွဲကို ထိခိုက်မှာ စိုးလို့ရယ်။ ဒါ့ကြောင့် ကျွန်မက ဆန်ပြုတ်အသစ်တစ်ပန်းကန်သွားယူတော့ အဖေက ကျွန်မကို အဲဒီအေးနေတဲ့ဆန်ပြုတ်ကို ကုန်အောင် သောက်ဖို့ပြောရင်း စိတ်တိုပြီး ပါးရိုက်လိုက်တာပါ။"
ကျင်းယွင်ကျောင်းသည် ဤကိစ္စအား သူမ၏မျက်လုံးထဲတွင် မထူးဆန်းသကဲ့သို့ ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါးဖြေလိုက်သည်။
သို့သော် ဤစကားလုံးများသည် ဆရာဆရာမများ၏နားထဲတွင်တော့ အဓိပ္ပါယ်ကွဲပြားနေ၏။
ဘယ်လို လူကြီးမိဘမျိုးကများ ကလေးတွေကို ဆန်ပြုတ်အေးအေးကြီး သောက်ခိုင်းရတာလဲ။ ကျင်းယွင်ကျောင်းက အိမ်မှာ ဒီလောက်ထိ ဆိုးဆိုးဝါးဝါး ဆက်ဆံခံနေရတာလား။ သူမက ဆန်ပြုတ်ပူပူလေးတစ်ခွက်တောင် မသောက်ရဘဲနဲ့လေ။
Chapter 10
Comenzar desde el principio