Fanfiction 3 (2)

8.4K 1.2K 200
                                    

zawgyi

" အချောင်မခိုနဲ့!... မြန်မြန်လုပ်ကြစမ်း!..."

" ရွှမ်း!..."

ကျန်းမာရေးတရှောင်ရှောင် ဖြစ်နေ၍ အလုပ်နှေးနေသည့် သုံ့ပန်းတစ်ဦးအပေါ် ဂျပန်တပ်သားက ကြာပွတ်နှင့်လွှဲရိုက်လိုက်သည်မှာ အရှိန်ခပ်ပြင်းပြင်း ။
နဂိုကမှ အင်အားယဲ့ယဲ့သာရှိသည့် သုံ့ပန်းသည် အရှေ့သို့ငိုက်စိုက်လဲကျသွားကာ မြေပြင်ထက်တွင်ခွေခွေလေးနှင့် ပြန်မထနိုင်ပေ..။

" ထစမ်း!!.. သေချင်နေတာလား!!.."

ဂျပန်စကားနှင့်ဆဲရေးတိုင်းထွာရင်း စစ်ဘွတ်ဖိနပ်နှင့် ဝမ်းဗိုက်ကိုကန်ကျောက်နေသည့် မြင်ကွင်းကို Taehyungမြင်လိုက်ရသည့်အခါ အရိုးထဲစိမ့်သည်အထိ ကြောက်စိတ်ကဝင်လာသည် ။

မိမိမှာ ဝင်လည်းမပါရဲ၍ ကျောက်မီးသွေးများတင်ဆောင်ထားသည့် တွန်းလှည်းကို ခပ်သုတ်သုတ်တွန်းရင်း သိုလှောင်ရုံဆီသို့အသော့နှင်ရသည် ။
လမ်းလျှောက်လိုက်တိုင်း ခြေကျင်းဝတ်နှစ်ခုလုံးမှာ သွယ်တန်းခတ်ခံထားရသည့် သံကြိုးကြောင့် အဆင်မပြေဘဲ လေးလံလျက်ရှိနေသည် ။

သေးညှက်ညှက်ခန္ဓာကိုယ်နှင့် အစာအာဟာရမပြည့်ဝမှုကြောင့် အလုပ်ကြမ်းကခရီးမတွင်သလို မိုင်းတွင်းနှင့်သိုလောင်ရုံကို သုံးခေါက်လောက်အကူးအသန်းလုပ်ပြီးနောက်မှာတော့ လူကခေါင်းတွေပါမူးမော်မိုက်ကာ ပစ်လဲချင်လာသည် ။

၁၇နှစ်အရွယ် Taehyungက လူကောင်သေးသည်ကြောင့် မိုင်းတွင်းမှာကျောက်မတူးရဘဲ တွန်းလှည်းသာတာဝန်ယူရသည်မှာ အနည်းငယ်ကံသီသွားသည်ဟု ဆိုရမည် ။

သုံ့ပန်းတွေကို မျက်စိဒေါက်ထောက် ကြည့်နေသည့် ဂျပန်တပ်သားများကြောင့် Taehyungမှာ အပါးခိုဖို့နေနေသာသာ မိမိ၏မျက်စိရှေ့မှောက်တွင် ကြာပွတ်နှင့်အရိုက်ခံရသည့်မြင်ကွင်းက လတ်ဆတ်နေဆဲဖြစ်သည်ကြောင့် အားတင်းပြီးအလုပ်လုပ်နေရသည် ။

မနက် ၈နာရီတည်းကနေ မိုင်းတွင်းဝင်ရကာ နေ့လယ် ၁၂မှာ ထမင်းစားနားရသည်၊ ပြီးလျှင်တော့ ၁နာရီမှာ အလုပ်ပြန်စရကာ ညနေ၅နာရီမှ နားရသည် ။
ကျွေးသည့်ထမင်းကလည်း မာတောင့်ကာ ဘာအရွက်တွေထည့်ထားသည်မသိသော အရည်ကျဲကျဲဟင်းနှင့် ။

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now