ထို့နောက် စက္ကဟာ ဆိုင်ထဲသို့ ခြေလှမ်းခပ်ကျဲကျဲဖြင့် အလျင်စလို ဝင်သွားလိုက်ပြီး အစ်ကို့လက်ထဲရှိ စာအုပ်ကို ဆွဲလုလိုက်သည်။

" စက္က..."

အစ်ကိုက သူ့ကို ရုတ်တရက်မြင်လိုက်ရတော့ အံ့သြသွားပြီးမှ အပြစ်တင်သလို ကြည့်လာသည်။

" စက္က ဘယ်လိုလုပ်ရောက်လာရတာလဲ"

" အစ်ကို အခု သည်မှာ ဘာလုပ်နေတာလဲ ဖြေ"

" ဟို ငါက"

ဆက်ပြောမဲ့အစ်ကို့စကားတွေဟာ  တစ်ဝက်တစ်ပျက်မှာတင် တွန့်ဆုတ်သွားပြီးနောက် ခပ်တိုးတိုး သက်ပြင်းချသံလေးထွက်လာ၏။ အစ်ကို၏တည်ငြိမ်မှုကို မြင်ရတော့ သူ့မျက်တောင်ဖျားတွေပါ လှုပ်ခါလာမိသည်။

" သူ့ကို တကယ်လက်ထပ်မလို့လား"

" အင်း...အစကတည်းက စီစဉ်ထားပြီသားမို့"

" မဟုတ်တာ၊ အစ်ကိုမှ သူ့ကို မချစ်တာ၊ ဘာလို့ သူ့ကိုလဲ...အစ်ကို ချစ်တာက..."

" မင်း ပြောကြည့်၊ ငါ့မှာ အချစ်ဆိုတာ မရှိဘူး၊ ငါက ဖြစ်သင့်တဲ့လူကို ရွေးချယ်တာ"

" စက္ကမလား"

အနောက်က မိန်းကလေး၏အသံကြောင့် နှစ်ယောက်စလုံးတုန်လှုပ်သွားလျက် လှည့်ကြည့်လိုက်တော့ မိုးသားနွယ်က စက္ကကို ပြုံးပြပြီး ကြည့်နေသည်။

" စက္ကက ဘယ်လိုလုပ် ရောက်လာတာလဲ၊ ကိုကို ခေါ်လိုက်တာလား"

မိုးသားနွယ်၏ပြုံးရွှင်နေသည့်မျက်နှာကြောင့် အစ်ကိုရော သူပါ ရင်အေးသွားရသည်။

" မဟုတ်ဘူး၊ ကျွန်တော် သည်အတိုင်း ဖြတ်သွားရင်း အစ်ကို့ကို တွေ့လိုက်လို့ ဝင်လာတာ"

" ဪ..."

အခုမှသေချာကြည့်လိုက်တော့ မိုးသားနွယ်က အဖြူရောင်သတိုးသမီးဝတ်စုံလေးကို အချိုးကျလှပစွာ ဝတ်ဆင်ထား၏။ နဂိုယဉ်ယဉ်လေးလှသော ထိုမိန်းကလေးသည် အဖြူရောင်ဂါဝန်လေးနှင့်တွဲဖက်လိုက်သောအခါ တုယှဉ်မရအောင် လှပပေ၏။ အစ်ကို၏ဘဝလက်တွဲဖော်ဖြစ်ရတော့မဲ့ ထိုမိန်းကလေး၏ရင်ထဲမှာ ဘယ်လောက်တောင် ပျော်နေရှာမလဲ။ သူ့ရင်ဘတ်ထဲရှိ သောကမီးများကဲ့သို့ အရှိန်အဟုန်ပြင်းပြင်း တောက်လောင်နေလိမ့်မည်မဟုတ်။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Tahanan ng mga kuwento. Tumuklas ngayon