Part - 20

9.3K 669 10
                                    

(Unicode)

လက်က ဒဏ်ရာတွေကို ဆေးထည့်ပေးနေရင်း ဟန်လင်းညိုသည် သက်ပြင်းခဏခဏချမိတော့၏။ အရှေ့က စက္ကကတော့ မျက်နှာသေနှင့်။ မျက်နှာကသာ ခံစားချက်မဲ့နေပေမဲ့ နှလုံးသားက မည်မျှတောင် နာကျင်နေမလဲဆိုတာ မခန့်မှန်းနိုင်။ သို့ရာတွင် ဆေးသေတ္တာလေးကို မ၍ သူလည်း အဝတ်အစားလဲဖို့ ထရသည်။

သူ့အနားမှ ထထွက်သွားတာတောင် မိမိကို အကြည့်တစ်ချက်မကြည့်ဘဲ ထိုင် မှိုင်နေလေသည်။ အဝတ်အစားလဲပြီးတော့ စက္ကစားဖို့ တစ်ခုခုပြင်ဆင်ပေးရသည်။ သူ ပြင်ပေးသောညစာကိုတော့ သေချာစားရှာသည်။

" သည်ည အိမ်မပြန်နဲ့တော့ စက္က၊ ငါနဲ့ပဲ အိပ်၊ မင့်အဖေကိုလည်း မင်း ရင်မဆိုင်ချင်ဘူးမလား"

" ကျေးဇူးပါ အစ်ကို၊ ကျွန်တော့်အပေါ် ကောင်းပေးလို့"

" မလိုပါဘူး၊ ငါ့စိတ်ကလည်း မင်းကို ကူညီချင်နေတာ"

ထိုအခါ စက္ကသည် ဟန်လင်းညိုကို ပြန်မော့ကြည့်လိုက်မိသည်။ သူ့အတွက် အစ်ကို့လက်ရာက ကောင်းလွန်းနေသည်။ သည်လို လက်ရာမျိုး၊ သည်လိုနွေးထွေးမှုမျိုးက သူ့အတွက် ပထမဦးဆုံးရဖူးခြင်း။ အစ်ကိုက သူ့အပေါ် သိပ်နွေးထွေးလွန်းသည်။ သူ၏ဂျစ်ကန်ကန်စကားလုံးတွေကိုလည်း အစ်ကိုက စိတ်မဆိုးသည့်အပြင် အမြဲအပြုံးနှင့် နှစ်သိမ့်ပေးတတ်လွန်းသည်။ ကြာလာလျှင် အစ်ကို့မေတ္တာတွေအောက် သူ အသားကျသွားပြီး အစ်ကို့ကို တွယ်တာမိသွားမှာ သူ ကြောက်သည်။

အစ်ကို့ဘေးခန်းမှာ အစ်ကိုက သူ့ကို ပေးအိပ်သည်။ နေ့ခင်းက အမေ့အကြောင်း သူ စဥ်းစားနေမိသေးသည်။ တစ်သက်လုံးအမေလို့ မခေါ်ရဲလောက်အောင် သိမ်ငယ်ခဲ့ရသည်။ ထက်ဦးခန့် အဆင်ပြေပါ့မလားလို့လည်း သူ တွေးပူရပြန်သည်။ ထိုအချိန် ဝန်ထမ်းတစ်ယောက်ဆီက စာတစ်စောင်ဝင်လာသောကြောင့် သူ အင်တာနက်ပေါ်တက်ကြည့်လိုက်သည်။

လိုင်းပေါ်၌ ပွက်လောရိုက်နေသောသတင်းများကြောင့် စက္က လန့်သွားသည်။ Media က ဖြန့်ထားသော video များ၊ ဓာတ်ပုံများက မနည်းမနော။ Fan တွေလည်း သတ်နေကြပြီ။
ဆဲထားဆိုထားကြတာတွေကလည်း မနည်းသည်မို့ သူ ထက်ဦးခန့်ဆီ ဖုန်းခေါ်လိုက်သည်။ သို့ရာတွင် ထက်ဦးခန့်က ဖုန်းမကိုင်လေတော့ သူ စိတ်ပူလွန်ပြီး ထက်ဦးခန့်နေသည့်တိုက်ခန်းသို့ လိုက်သွားရန် ပြင်လိုက်သည်။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now