Part - 4

14.3K 1.1K 39
                                    

(Unicode)

ကားရိုက်နားသည့်ရက်မို့ နေခမင်းမြတ်သည် အပြင်ခိုးထွက်ရန် မားကို ချောင်းနေလေသည်။ မားက သည်နေ့ကျမှ အပြင်မသွားဘူးလားမသိ။ သည်အတိုင်းထွက်သွားပြန်လျှင်လည်း မားက ဘယ်လဲ ဆိုပြီး မေးဦးမည်။ မားက အခုခြံထဲက ရေကူးကန်ဘေးမှာ ထိုင်၍ စာဖတ်နေသည်မို့ သူ ခိုးထွက်ရန် မလွယ်ချေ။ ခက်ဇော်ကို လှမ်းခေါ်ပြီး သွားလျှင်လည်း ခက်ဇော်က သူ့ကို ဟိုမေးသည်မေး ပြုဦးမည်။

သို့ရာတွင် မထူးပါဘူးဟုတွေးလိုက်ပြီး သူ မားရှေ့က ခပ်တည်တည်ပဲ ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူ ဂိုဒေါင်ထဲက ကားကို ထုတ်နေတော့ မားက ဖတ်လက်စ စာအုပ်ကို အရှေ့က ခုံပေါ်တင်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နှင့် သူ့ကားဘေးသို့ လျှောက်လာလေသည်။

" သား အခုကရော ဘယ်လဲ"

" ဟို ဟိုနားသည်နားပေါ့၊ မုန့်လေးဘာလေးထွက်စားမလားလို့"

သူက ကားမောင်းသူနေရာမှာ ဝင်ထိုင်လိုက်ရင်း မားကလည်း သူ့ကားဘေးမှာ လာရပ်၍ ​ပြောနေကြခြင်း ဖြစ်သည်။

" သားနေခ ဘာလို့ မနေ့က ရှူတင် break လိုက်ရတာလဲ၊ မနေ့က ရှူတင်မန်နေဂျာက မားကို ဖုန်းလှမ်းဆက်ပြီး ပြောတယ်၊ မနေ့ညနေတုန်းက သား အိမ်ပြန်လည်း နောက်ကျတယ်၊ ဘယ်တွေလျှောက်သွားပြီး ဘာတွေလုပ်နေတာလဲ သား၊ မားက သားကို ယုံကြည်လို့ ရှူတင်ကို တစ်ယောက်တည်း လွှတ်တာနော်၊ အခု မားရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်သွားတာပဲ၊ သား ခြေလှမ်းတွေ မှားလို့ မရဘူးနော်"

" မားရယ်...သား ဘယ်မှ မသွားပါဘူး၊ သည်လိုပဲ စိတ်လွတ်ကိုယ်လွတ် ကားပတ်မောင်းတာပဲရှိတာ"

" အေး အဲ့တာကိုပဲ အဓိက စိတ်မချတာဟေး၊ ဟိုတစ်နေ့က မား မှော်ဘီရောက်နေတုန်းကလည်း သား သားရဲ့ဘေဘီလေးကို ထုတ်သွားပြီး ညမှ ပြန်ရောက်လာတယ်ဆို"

" ဟင် မား ဘယ်လိုလုပ်..."

" သည်မယ် သား၊ မားက သားအနားမှာ မရှိရင်တောင် သားအကြောင်းတွေ ကြားပြီးသား၊ သား သတိထားနေပါလို့ပဲ မား​ ပြောချင်တယ်၊ အခု သွားစရာရှိတာကို မြန်မြန်သွား မြန်မြန်ပြန်လာခဲ့၊ ကားကိုလည်း ဂရုစိုက်မောင်း"

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now