Part - 28

9.8K 680 3
                                    

(Unicode)

နေခမင်းမြတ်သည် ထက်ဦးခန့်ဆီ ရောက်နေတာ တစ်ပတ်ကျော်ပြီ။ ထက်ဦးခန့်ကလည်း fantasy ကို မရောက်လာတော့တာကြာပြီမို့ စက္ကမှာ အထီးကျန်နေသည်။ ကြားရက်တွေမှာ အစ်ကို့ကို လွမ်းပေမဲ့ ကိုယ့်မာနနှင့်ကိုယ်မို့ သွားမတွေ့ခဲ့ချေ။ အစ်ကိုကလည်း သူ့ဆီ အဆက်အသွယ်မလုပ်လာသောအခါ သူဘယ်သွားသွား ဘာလုပ်လုပ် အဆင်ပြေတယ်ဆိုတာမရှိ။ အစ်ကိုတကယ်များ သူ့ကို ပစ်ပယ်သွားပြီလားဟု တွေးလိုက်တိုင်း သူ့စိတ်တွေက ကယောင်ချောက်ချား။ နေနိုင်သူကနေတတ်ပေမဲ့ မနေနိုင်သည့်သူကသာ အစ်ကို့အနား၌ တဝဲလည်လည် တိတ်တဆိတ်ရောက်သွားတတ်မြဲ။ သည်နေ့လည်း အစ်ကိုဘာများလုပ်နေလိမ့်မလဲဟု အစ်ကို့ဆေးခန်းရှေ့မှာ လာချောင်းနေခဲ့သည်။

ခဏနေတော့ အစ်ကိုက ဆေးခန်းထဲမှ ထွက်လာတာတွေ့ရသည်။ သူ့အနောက်မှာ မိုးသားနွယ်ဆိုသည့်မိန်းကလေးကလည်း ကပ်ပါလာလျက်။ ကားပေါ်အတူတက်လိုက်ပြီး တစ်နေရာရာသွားမလို့ ထင်ပါရဲ့။ စက္က လိုက်ချောင်းရန်ပြင်လိုက်ပြီး အစ်ကိုတို့ကားနားမှ ကပ်မောင်းလာခဲ့သည်။ ကားတွေ ရှုပ်နေတာမို့ အစ်ကိုက သတိထားမိမှာ မဟုတ်ပါ။

သိပ်မကြာခင်အတောအတွင်း အစ်ကိုသွားမဲ့နေရာရောက်တော့ ကားကို လမ်းဘေး၌ ကပ်ရပ်လိုက်သည်။ စက္ကလည်း အစ်ကိုရပ်သည့်နေရာနှင့် မလှမ်းမကမ်းတွင် ရပ်လိုက်ပြီး အစ်ကိုနှင့်မိုးသားနွယ်တို့ အတူဝင်သွားသောနေရာကို မော့ကြည့်လိုက်သည်။ ဆိုင်းဘုတ်ပေါ်က စာလုံးများကို မြင်ပြီးနောက် စက္က၏ခြေလှမ်းများဟာ အနည်းငယ်နောက်ဆုတ်သွားမိ၏။ Mahar Wedding dress ဆိုသည့်အင်္ဂလိပ်စာလုံးများက စက္ကအား လှောင်ပြောင်နေသလို။

ဆိုင်အရှေ့ဘက်ခြမ်းက မှန်သားကာထားသဖြင့် အတွင်း၌လှုပ်ရှားနေကြပုံများကို စက္က လှမ်းမြင်နေရသည်။ အစ်ကိုက ခုံတစ်ခုံပေါ်၌ ထိုင်လျက် အရှေ့က မဂ္ဂဇင်းစာအုပ်ကို လက်လှမ်း၍ ဖွင့်ဖတ်နေသည်။ မိုးသားနွယ်က ဒီဇိုင်နာတစ်ဦးနှင့်အတူ အခန်းတစ်ခုထဲဝင်သွားသည်။

ယခုအချိန် စက္က၏စိတ်ကူးထဲမှာ အစ်ကို့ကို အဆုံးရှုံးမခံနိုင်သောအတွေးလေးတစ်ခုသာ ရှိ၏။ သည်မိန်းကလေးနှင့်လက်ထပ်မှာကို သူ ဘယ်လိုမှ လက်မခံနိုင်ချေ။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now