" မဟုတ်ဘူး သား၊ အဲ့လို မဟုတ်ဘူး"

သားဖြစ်သူစက္ကကတော့ ထိုမျှသာ ပြောပြီး ထွက်သွားလေသည်။ ထို့ကြောင့် ဒေါ်မေခဟာ စိတ်ဓာတ်ကျလျက်သာ ကျန်ခဲ့သည်။ ထိုအခါ မှိုင်တွေလျက် မတ်တတ်ရပ်နေလေသော ဒေါ်မေခ၏အနားသို့ လျှောက်လှမ်းသွားသောဦးမင်းမြတ်မှ စကားသံထွက်လာသည်။

" မေ့သားငယ်က မြင့်မြတ်တဲ့နေရာမှာ လူအများကြီးရဲ့အချစ်ခံရချိန် မေ့သားကြီးကတော့ ပိုက်ဆံရဖို့ ဖြည့်ဆည်းပေးရတဲ့ ဆိုးရွားလွန်တဲ့ဘဝနဲ့ ရှင်သန်ခဲ့ရတာကို မေ တွေ့ပြီလား၊ မေ့မာနကြောင့် ပျက်ဆီးခဲ့ရတဲ့ သားရဲ့ဘဝကို မေ တွေ့ပြီလား၊ ရင်မနာနဲ့ မေ၊ ဒါ မေ တွန်းပို့ခဲ့တဲ့ သားရဲ့ဘဝပဲ၊ မေ့ရွေးချယ်မှုပဲ၊ မေက သိက္ခာတရားကို သိပ်ကိုးကွယ်တဲ့ မိန်းမမလား၊ မိန်းမတစ်ယောက်အနေနဲ့တော့ မေက သိပ်သိက္ခာရှိတယ်၊ သိပ်တော်လွန်းတယ်၊ ဒါပေမဲ့ မိခင်တစ်ယောက်အနေနဲ့တော့ မေဟာ သိပ်အရှက်မဲ့လွန်းတယ်၊ လူမဆန်တဲ့မိခင်တစ်ယောက်ရဲ့ဆုံးရှုံးမှုပဲ၊ မေ လှလှပပကြီးသာ ခံစားလိုက်ပါ"

ဦးမင်းမြတ်၏စကားသံကြောင့် ဒေါ်မေခဟာ မျက်ရည်များကြားမှ ဦးမင်းမြတ်ကို မော့ကြည့်မိလေသည်။ ကံတရားက သူတို့၏ဘဝကို သိပ်ရက်စက်လွန်းခဲ့သည်။ အားတုံ့အားနာဖြင့် တစ်စက်ကလေးမျှပင် မငဲ့ညှာခဲ့ပေ။

/~/

စက္ကအတွက် ယခုလိုဝမ်းနည်းနေသည့်အချိန်တွင် ပထမဦးဆုံးတွေ့ချင်မိသည့်လူက ဟန်လင်းညိုပင်။ အရင်နေ့တွေဆိုလျှင် မနက်မိုးလင်းတာနှင့် ဟန်လင်းညိုက သူ့ဆီ ဖုန်းခေါ်နေကျပါ။ သည်နေ့ စက္ကက မက်ဆေ့ပို့တာတောင် ပြန်မပို့ခဲ့ပါ။ မနေ့က ကိစ္စကို ဟန်လင်းညိုက ရုတ်တရက်မို့ လက်မခံနိုင်ဘူးဆိုတာ သူ သိပါသည်။ သို့ရာတွင် သူ့ဘက်ကလည်း ဟန်လင်းညိုအပေါ် ပျောက်ကွယ်သွားမည်စိုး၍ အမိအရဆွဲထားလိုက်ချင်သောဆန္ဒကလည်း လောနေခဲ့သည်။

ထို့ကြောင့် ဟန်လင်းညို၏ဆေးခန်းကို လိုက်သွားဖို့ရာ သူ ဆုံးဖြတ်လိုက်သည်။ ထိုနေရာရောက်တော့ ဟန်လင်းညိုဟာ အလုပ်ရှုပ်နေသကဲ့သို့ သူ ရောက်နေကြောင်း သွားပြတာတောင် တစ်ချက်လေးပဲ လှမ်းကြည့်ပြီး သူ့အလုပ်သူ ဆက်လုပ်နေသည်။ စက္ကလည်း အပြင်မှာစောင့်နေတာ တစ်နာရီလောက်ကြာတော့ မနေနိုင်တော့ဘဲ ဟန်လင်းညို ဆေးကုနေသည့်ဘေး၌သာ သွားထိုင်နေလိုက်သည်။ နေ့ခင်းလောက်ရောက်မှ ဆေးခန့်က လူနာများ ရှင်းသွားတော့သည်။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now