သည်အရူးကို ဟိုကောင်က ဘယ်လိုများ ပြုစားသိမ်းသွင်းထားလိုက်သလဲ မသိပါ။ သူ့ဘဝက စုပ်လည်း စူး၊ စားလည်း ရူးဆိုသလို ဖြစ်နေပြီ။ နောက်ဆုံးတော့လည်း သူ့အကြိုက်လိုက်၍ ခက်ဇော် ပို့ပေးရတော့မည်။

" မနက်ဖြန် အန်တီ ပဲခူးသွားမယ်လို့ ပြောတယ်၊ မင်းကို ငါ လိုက်ပို့မယ်၊ အခုတော့ မဖြစ်ဘူး၊ ခဏနေရင် အန်တီ ပြန်လာတော့မှာ"

" အိုကေ၊ အစကတည်းက အဲ့သည့်လို ပို့ပေးလိုက်ရင် ပြီးနေတာကို ပလ္လင်ခံနေသေးတယ်၊ ဒါတွေ မင်းပဲ ကြည့်ရှင်းလိုက်တော့"

အကွဲအကြေတွေကြားမှာ သူ့ကို ထားခဲ့ပြီး ထွက်သွားသောနေခကို သူ မေတ္တာပို့လိုက်သည်။

/~/

စက္ကသည် ညနေကျလျှင် အမေ့အိမ်သွားရမှာဆိုတော့ ရင်ခုန်နေသည်။ သူတစ်ယောက်တည်းသွားရမှာ ကြောက်၍ ဟန်လင်းညိုက အဖော်လိုက်ပေးမည်ဟု ဆိုသည်။

" ဒါနဲ့ မင်းအမေက ဘာလို့ သည်စာရင်းတွေ ရုတ်တရက်လိုနေတာလဲ"

" ကျွန်တော်လည်း မခန့်မှန်းတတ်ဘူးလေ"

" ကောင်းရော"

အမေ့အိမ်ရောက်တော့ သူ ခမ်းနားလှပါသောအိမ်ကြီးကို ဝေ့ဝဲကြည့်မိသည်။ အမေက အင်မတန်ချမ်းသာတာပဲလား။ အစ်ကိုကတော့ သူ ရောက်ဖူးနေကျအိမ်မို့ သူ့အတွက် ဘာမှမထူးဆန်းပေမဲ့ စက္ကကတော့ မျက်လုံးကစားနေလျက်။

" ဪ...မင်းရောက်နေပြီပဲ၊ ဟင်"

အမေက သူ့အရှေ့ဝင်ထိုင်လိုက်ရင်း အစ်ကို့ကို တွေ့တော့ အံ့သြသွားသည်။

" ဒေါက်တာက ဘယ်လိုလုပ်"

" စက္ကနဲ့ကျွန်တော်က ရင်းနှီးပါတယ်၊ အဲ့ဒါကြောင့် အန်တီတို့အိမ်လာမယ်ဆိုတော့ ကျွန်တော်လည်း အဖော်လိုက်လာတာ"

" ဪ...ဒါနဲ့ ငါ မှာလိုက်တာ ပါလား"

" ဟုတ်ကဲ့ သည်မှာပါ"

စာရွက်စာတမ်းတွေ ထည့်ထားသည့်ဖိုင်ကို အမေ့ရှေ့ တိုးပေးလိုက်သည်။ အမေက ဖွင့်ကြည့်ပြီးမှ သူ့ကို ခေါင်းညိတ်ပြသည်။

" ဟာ ကိုကြီးနဲ့ ဒေါက်တာပါလား"

" ညီလေး"

နေခက အမေ့ဘေးဝင်ထိုင်တော့ စက္က ပြုံးလိုက်သည်။ ညီလေးကို အမေနှင့် သည်လိုအတူတွဲမြင်ရတိုင်း သူ စိတ်ချမ်းသာသလို ညီလေး၏ဘဝပေးကုသိုလ်ကံကိုလည်း အားကျမိသေးသည်။ ထိုအချိန် အစ်ကိုက သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်လာ၏။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now