" အင်း"

ဟန်လင်းညိုလည်း ကမ်းပေးလာသည့်ပန်းကန်ကို လှမ်းယူလိုက်ပြီး မုန့်ချိုကို အနည်းငယ်စားကြည့်၍ အရသာရှိကြောင်း ခေါင်းညိတ်ပြလိုက်သည်။

" သား သည်ည သည်မှာပဲ အိပ်သွားမယ်မလား"

" ဟုတ်ကဲ့ အမေ၊ ၇နာရီတောင်ထိုးပြီဆိုတော့ သည်မှာပဲ အိပ်တော့မယ်"

" ဪ ဒါဆို နွယ့်ကို အိပ်ပြန်လိုက်ပို့ပေးလိုက်ပါလား သား၊ မှောင်နေပြီမို့"

" ဟုတ်ကဲ့ အမေ၊ သား လိုက်ပို့ပေးလိုက်ပါ့မယ်၊ လာ နွယ်"

" ဟုတ်ကဲ့ ကိုကို"

ထို့နောက် နွယ်က သူတို့၏တစ်လမ်းကျော်မှာ နေတာမို့ လမ်းလျှောက်ပြီးသာ လိုက်ပို့ဖြစ်သည်။

" ကိုကို သည်မှာပဲ ပြန်လာနေပါလား"

" အင်း အစ်ကိုလည်း နေချင်ပါတယ်၊ ဒါပေမဲ့ သွားရလာရတာ အဆင်မပြေဘူးလေ"

" အင်းပေါ့"

လမ်းလျှောက်နေရင်း နှစ်ယောက်ကြားက လေထုသည် ပြန်တိတ်ဆိတ်သွားပြန်သည်။

" ရောက်ပြီ ကိုကို၊ လိုက်ပို့ပေးတာ ကျေးဇူးပဲနော်၊ ဂရုစိုက်ပြန်"

" အင်း ဘိုင့်ဘိုင်"

နှုတ်ဆက်ပြီး ပြန်လှည့်အထွက် နွယ်က သူ့ကို ရုတ်တရက် လှမ်းခေါ်လာပြန်သည်။

" ကိုကို"

" ဟင်"

" ကိုကို နွယ့်ကို အဆက်အသွယ်မဖြတ်ထားပါနဲ့လား၊ နွယ်တို့က တစ်ချိန် လက်ထပ်ရမဲ့လူတွေလေ၊ တစ်ယောက်နဲ့တစ်ယောက် သည့်ထက်ပိုပြီး ရင်းရင်းနှီးနှီးတိုင်တိုင်ပင်ပင် ရှိသင့်တယ် မဟုတ်ဘူးလား"

" အင်းပါ၊ နွယ် ပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ အစ်ကိုက မအားတာများတယ်လေ၊ စိတ်ချပါ၊ အစ်ကိုတို့က တစ်ချိန်လက်ထပ်ရမှာပဲ၊ သည်လိုနှစ်ယောက်ကြားကိစ္စတွေက မလိုလောက်ဘူးလို့ အစ်ကို ထင်တယ်"

ပြုံးပြရင်း ကျောခိုင်းလှည့်ထွက်လာခဲ့သည်။ တကယ်ဆို သူ့ဘဝကြီးက အထီးကျန်ဆန်လွန်းသည်။ သူ့အသက်က လူပျိုကြီးစာရင်းပင် ဝင်လုပြီ။ သည်လိုမျိုးလူငယ်တွေနှင့်အတူ အပျော်အပါးအချိန်ပေးဖို့ သူ့စိတ်အစဥ်ဟာ မဆောင်တော့ပါ။ ကိုယ်လက်ထပ်ရမဲ့မိန်းကလေးကို အားနာပေမဲ့လည်း မတတ်နိုင်ချေ။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now