" ဟင်...မောင်၊ ဒါ ဒါ သိုးမွှေးထိုးနေတာမလား"

" အင်း"

မောင့်ကို ဘယ်လိုနားလည်ရမည်လဲ။ မောင်က သည်လိုကြီးလုပ်တတ်လိမ့်မည်ဟု နေခ တစ်ခါလေးမှတောင် မမှန်းဆဖူးပါ။

" အို...မောင်က ဒါမျိုးတွေလည်း လုပ်တတ်တယ်လား၊ တော်လိုက်တာ"

" ဟုတ်တယ် ညီလေးရဲ့၊ ထက်ခန့်က တစ်ခါတစ်ခါ အားနေရင် အဲ့လိုသိုးမွှေးထိုးတတ်တယ်"

ကိုကြီးစက္ကသည် သူ့အရှေ့ကခုံ၌ ဝင်ထိုင်လိုက်ရင်း ပြောလာသည်။

" ညီလေး သည်ကို ထပ်လာလည်တာပေါ့၊ ကဲ...ပြော၊ ညီလေး ဘာစားချင်လဲ"

" အာ...မဟုတ်တာ ကိုကြီး၊ ကျွန်တော်က ထက်ဦးခန့်ကို တွေ့ချင်ရုံသက်သက်လာတာပါ"

နေခပြန်ပြောလိုက်သောစကားကို ကိုကြီးက ပြုံးပြီး ခေါင်းညိတ်သည်။

" ညီလေးက ထက်ခန့်ကို အတော်ခင်တာပဲနော်၊ ကိုကြီးကိုလည်း အဲ့လိုခင်ရင် ကောင်းမယ်"

ထိုစကားကြောင့် သိုးမွှေးထိုးနေသော ထက်ဦးခန့်၏လက်တွေက တုံ့သွားသည်။ နေခလည်း ရှက်ကိုးရှက်ကန်းနှင့် ရယ်ပြလိုက်သည်။

" မဟုတ်ဘူး စက္က၊ နေခက ငါ့ချစ်သူ"

" ဘာ...ဘယ်လို"

အရှေ့က စက္ကသည် သူ့စကားကြောင့် ဝုန်းခနဲ မတ်တတ်ထရပ်လိုက်သည်။ နေခကလည်း မောင် ထိုသို့ တခြားလူကို ပြောပြလိမ့်မည်ဟု မထင်ထား၍ မောင့်ကို တအံ့တသြ ကြည့်လိုက်မိသည်။ မောင်က တခြားလူရှေ့၌ သူတို့နှစ်ယောက်၏ပတ်သက်မှုကို ထုတ်ပြနေသည်မို့ သူ ကျေကျေနပ်နပ်ကြီး ပြုံးမိပြန်သည်။

သို့ပေမဲ့ ကိုကြီးစက္ကက သည်အခြေအနေ​ကြီးကြောင့် ထိုင်နေသောမောင်၏လက်အား ဆွဲလျက် နေခ၏အရှေ့မှ ထွက်သွားသည်။ သို့ဖြစ်၍ ကိုကြီးစက္က၏အပြုအမူကို နေခနားမလည်နိုင်တော့ဘဲ အခန်းထဲ၌သာ ကျန်ရစ်ခဲ့တော့သည်။

/~/

" ဒါတကယ်ပဲလား ထက်ခန့်"

ထက်ဦးခန့်၏အင်္ကျီကော်လံကို ဆွဲပြီး စက္ကက မေးလိုက်သည်မို့ သူ ခဏတော့ တုံ့ဆိုင်းသွားသည်။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now