" ရှက်နေတာလား မောင်၊ မောင် ရှက်နေသလား"

ထိုအခါ မောင့်လက်တစ်ဖက်က လေပေါ်သို့ မြှောက်လာပြီး သူ့ခေါင်းအား ထိုးနေသော နေရောင်ကို ကာလိုက်သည်။ မောင်က လူစားထိုးခံရသလိုပဲ။ စစတွေ့ချင်းတုန်းကတောင် သည်လိုမဟုတ်ခဲ့ပါ။ မောင်က ရှက်တတ်လာသည်။ မောင်သည် စတွေ့စဥ်က သူ့ကို ရန်တွေ့ခဲ့သလို မဟုတ်တော့ပါ။ မောင်က အတူနေပြီးနောက်ပိုင်း စကားနည်းလာသည်။ မောင်က သူ့ကို ရယူဖို့ ထပ်ပြီး မတောင်းဆိုတော့သလို သူ့ကို နမ်းဖို့ပင် မကြိုးစားတော့သည်မို့ သူ အနည်းငယ်တော့ စိတ်ခုနေမိသည်။

မောင့်ဆီက ဘာစကားမှ မကြားရ၍ သူ မောင့်ပခုံးပေါ်မှာတင် မျက်လုံးများကို မှေးစင်းထားလိုက်သည်။ သူ ငြိမ်သွားတာကြာတော့ မောင့်မျက်နှာက သူ့ခေါင်းဘက်သို့ လှည့်လာသည်။ ထို့အပြင် သူ့ဆံပင်များအား ငုံ့နမ်းလိုက်သည်ကို သတိထားမိသောကြောင့် နေခ မျက်လုံးတွေကို ပြန်ဖွင့်ချလိုက်ပြီး မောင့်အနားမှ ဖယ်ခွာလိုက်သည်။ မောင်ကလည်း ပုံစံမပျက်ပြန်ထိုင်လိုက်ပြီး နေခကို မျက်နှာလွှဲသွားသည်။

" နမ်းလိုက်သလား မောင်"

" နေပူတယ် သွားကြစို့"

မောင်က အဖြေပြန်မပေးဘဲ ပြောချင်ရာပြော၍ သူ့လက်ကို ဆွဲပြီး ခုံတန်းလေးမှ ထရန်ပြင်သည်။ သူကလည်း အသာတကြည် မောင့်ဆွဲခေါ်ရာသာ ပါသွားသည်။

" မောင် အခုကရော ဘယ်ကို ထပ်ခေါ်သွားမှာလဲ၊ သည်ထက် ပူတဲ့နေရာဆိုရင်တောင် ငါက လိုက်ဖို့ အသင့်ပဲနော်"

မောင် ရည်ရွယ်သော နေရာက ဘယ်ဆီမှန်းမသိ။ ကားမောင်းနေသော မောင့်မျက်နှာတည်တည်ကိုသာ ဘေးတိုက်ငေးလျက်။ သိပ်မကြာခင် အတောအတွင်း ကျောက်တော်ကြီးဘုရားဆီ ပြန်ရောက်လာကြသည်။

" မင်း ရိုက်ကွင်းရှိတယ်မလား"

" အင်း ဟုတ်သား၊ မောင်နဲ့ရှိနေတော့ ငါ မေ့သွားတယ်၊ ဆင်းတော့မယ်၊ မောင် ကားကို ဂရုစိုက်မောင်းပြီး ပြန်နော်"

ခါးပတ်ကို ဖြုတ်ပြီး ကားတံခါးကို ဖွင့်၍ ကားပေါ်မှအဆင်း မောင်က သူ့အင်္ကျီအစွန်းကို ရုတ်တရက် လှမ်းဆွဲလိုက်သည်။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now