" ဪ...ရှင်းပါဦး၊ မနေ့ညနေက မင်း အဲ့ဆိုင်ကို လာတုန်းက တက်ကြွနေတာပါ၊ ဘာလို့ ကောက်ခါငင်ခါကြီး ဖျားသွားရတာလဲ၊ ဟမ်...ဖြေ ဖြေ ခွေးသားလေး"

" ဟင်...မင်းကလည်း ဘယ်လိုစကားကြီးလဲ"

" ဘာတွေ မလုံမလဲဖြစ်နေတာလဲ"

" ဘာမှမဟုတ်ဘူး၊ လုံတယ်၊ မနေ့ကကွာ၊ သူက ဖျားနေတာလေ၊ ငါ...ငါ သူ့ဆီက ကူးတာပေါ့"

" အဲ့လို ကူးရတဲ့အထိ မင်းတို့က ဘယ်လောက်တောင် ပူးပူးကပ်ကပ်နေခဲ့လို့လဲ၊ ဟမ်..."

" ဟာ့! ခက်ဇော် မင်းစကားတွေ လွန်လာပြီနော်၊ သွား သွား၊ ငါ့အနား မလာနဲ့၊ နေမကောင်းရတဲ့ကြားထဲ"

ပါးစပ်က ပွစိပွစိပြောနေရာမှ ခက်ဇော်အား မျက်စောင်းထိုး၍ စောင်ကို ခေါင်းအထိ ဆွဲခြုံထားလိုက်သည်။ မဟုတ်လျှင် ခက်ဇော်က အစစ်အဆေးထူတာနှင့် မသိသင့်သည့်ကိစ္စတွေပါ ပြောလိုက်မိနိုင်သည်မို့။

ထိုအခါ ခက်ဇော်လည်း အခန်းထဲမှထွက်လာလိုက်ပြီး နေခ၏အမေဆီ သွားတွေ့လိုက်သည်။

" ထိုင်ဦး ခက်ဇော်"

" ဟုတ်ကဲ့ အန်တီ"

အန်တီမေခ၏မျက်နှာက မအီမသာပေမို့ သူလည်း လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်၍ ငြိမ်နေမိသည်။

" သားသူငယ်ချင်း နေခက ခြေလှမ်းတွေ ပျက်နေတယ် သားရယ်၊ မနေ့ကလည်း ည၈နာရီလောက်မှ အိမ်ပြန်လာတယ်၊ ရောက်ရောက်ချင်းလည်း သူ့အခန်းထဲပဲ တန်းဝင်သွားလိုက်တာ၊ ညစာတောင် မစားဘူး၊ မနက်ကျတော့ မင်းမြင်တဲ့အတိုင်း ဖျားနေတာပဲလေ"

" သူ ဘယ်သွားတာလဲ အန်တီ မမေးဘူးလား"

" မေးတာပေါ့ သားရယ်၊ အဖြေက အတိအကျမရှိဘူး၊ ဟိုဟို သည်သည်နဲ့၊ သည်ကလေးတစ်ယောက်နဲ့ ဘယ်လိုတွေ ဖြစ်နေမှန်းကို အန်တီလည်း မသိပါဘူး"

" ဟုတ်၊ သည်ရက်ပိုင်း သူ့ကို အေးအေးဆေးဆေးပေးနားလိုက်ပါ"

" စိတ်ချ သား၊ သားသူငယ်ချင်းကို အန်တီ အလုပ်တွေ ရပ်ပေးထားတယ်၊ ဘယ်မှလည်း ပေးမထွက်ခိုင်းတော့ဘူး"

အောက်ထပ်မှ မားနှင့်ခက်ဇော်တို့ ပြောနေသည့်အသံတွေကို သူ စောင်အောက်ကနေ ကြားပါသည်။ မနေ့က သူ ထက်ဦးခန့်၏တိုက်ခန်းမှာ အချိန်အတော်ကြာ နေခဲ့လိုက်၍ သူ အိမ်ပြန်နောက်ကျခဲ့သည်။ အမှန်ဆို ထက်ဦးခန့်၏အနားမှာ နေသည့်အချိန်တိုင်း သူ စိတ်ပေါ့ပါးရသည်။ ထက်ဦးခန့်ဆီက မပြန်ချင့်ပြန်ချင်နှင့် ပြန်လာခဲ့ရသည်အထိပင်။

မောင့်ခြေဖျားကအထက်တန်းစားဝိုင် (Completed)Where stories live. Discover now