အခန်း(၁၀၉)

8.2K 1.4K 90
                                    

伪装学渣
Wei Zhuang Xue Zha


UNICODE

အနာဂတ်မှာ ကန့်သတ်မဲ့ဖြစ်နိုင်ခြေအမျိုးစုံရှိပါတယ်


"အစ်ကိုချင် ငါ့ကိုအခွင့်အရေးတစ်ခေါက်ထပ်ပေးပါဦးလား?"

ရွှီချင်ချင်သည် စိတ်တိုနေဟန်ဆောင်လျက် အစောကတည်းကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိသည့် ဘောပင်အား စားပွဲထက်သို့'ဗုန်းခနဲ'ဆောင့်ချပစ်လိုက်၏ ၊ သို့တိုင်ပြောရင်းတန်းလန်းမှာတင်ကို မနေနိုင်တော့ဘဲ အဆုံး၌ရယ်မိရချေသည်။

"နင်နဲ့ နင့်ဖော်ကောင်ကို အခွင့်အရေးတစ်ခေါက်ထပ်ပေးရမယ်ပေါ့?"

(T/N : ရှေ့ပိုင်းမှာက တွဲဖက်လို့ပြန်ခဲ့မိတာ တကယ်က လိုက်ပြီးဖော်တဲ့သူပါ ၊ တစ်ယောက်က မျက်လှည့်ပြ တစ်ယောက်ကဖော် အဲ့လိုပါ အဲ့ဒါလေးပြန်ပြင်ထားပါတယ်။)

လျိုချွိင်ဟောက်မှာ အောက်ထိုင်ချပစ်ပြီး ကြမ်းပြင်ကိုလက်သီးနှင့်ထိုးကာ အော်ရယ်မိရလျက်။

ဟယ့်ကျောင်း : ". . . . . ."

ရှဲ့ယွီအဖို့တော့ ရှက်ဖို့ကောင်းသည်ဟုသာခံစားလာရ၍ ဟယ့်ကျောင်းအားအင်္ကျီကော်လာမှဆွဲကာ အနောက်တန်းသို့သာ ဆွဲခေါ်သွားလိုက်တော့သည်။

ထိုသို့အလွဲလွဲအချော်ချော်ရှိရပေမယ့် ရွှီချင်ချင်မှာ စိတ်အခြေအနေအတော်လေးပြန်ကောင်းလာရသည်မှာတော့ အမှန် ၊ ရွှီကျင့် မုန့်လှမ်းကျွေးလာချိန်တုန်းကဆို အနည်းငယ်ပင်ယူစားလိုက်သေးလေသည်။ ထိုတခဏမှာပဲ ရှဲ့ယွီတွေးမိရ၏ - တကယ့်မျက်လှည့်တစ်ခုအလားပင်ဟု။

အနှီလူ။

အမြဲအလွယ်တကူပင် ဝန်းကျင်ရှိလေထုကိုစေ့ဆော်ပေးနိုင်စွမ်း၏ ၊ ပွဲစည်ကာ ဆူဆူညံညံရှိလို့ အတော်လည်းနားတွေပူရသည်။ တစ်ခါတစ်လေများဆို စိတ်ရှုပ်လွန်း၍ တစ်ချက်ဆောင့်ကန်ပစ်ချင်မိရပေမယ့် တဖန်မနေနိုင်ဘဲနီးနီးကပ်ကပ်ရှိချင်မိရပြန်ပါသည်။

ရှဲ့ယွီသည် ထိုသို့တွေးနေရင်းမှ ထိုသူ့အားတစ်ချက်လှည့်ကြည့်မိ၏။

ဟယ့်ကျောင်းကား ထိုင်နေရာစီပြန်ရောက်ချိန်၌ အတော်လေးငြိမ်လို့သွားသည် ၊ ချိုချဉ်တစ်ချောင်းကိုဖောက်ကာပါးစပ်ထဲငုံထား၏။ ထိုသူစကားမဆိုချိန်များဆို မသိလိုက်မသိဘာသာဖြင့် အသက်အရွယ်နှင့်မလိုက်သည့်တည်ကြည်လေးနက်နေဟန်ထွက်ပေါ်နေတတ်ကာ ထိုချိုချဉ်ကိုခဲထားသည့်အပြုအမူမှာဆိုလည်း ဘာကိုမှအရေးမစိုက်ဟန်ဖြင့် လူရမ်းကားပုံစံအနည်းငယ်ပင်ပေါက်၏။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now