အခန်း(၈၈)

Start from the beginning
                                    

"မင်းပြောလေကွာ ၊ မင်း. . .  . . ."

ရှဲ့ယွီက ခဏကြာနှုတ်ဆိတ်နေပြီးမှ ဖြတ်ပြောလာ၍ ကျိုးသာ့လေ ဆက်ပြောမထွက်တော့။

"ဟုတ်တယ် ငါပဲ။"

ရှဲ့ယွီသည် တန်ပြန်မေးလိုက်ပါသည်။

"မင်းကဘယ်လိုသိတာလဲ?"

ထိုစကားကြောင့် ကျိုးသာ့လေမှာဒေါသငယ်ထိပ်တက်သွားရလျက် လိမ်ညာခံရတယ်ဆိုတဲ့ခံစားချက်တို့ပြင်းထန်လာရကာ ထိုတဒင်္ဂအတွင်း 'သူ့ရဲ့ရှဲ့ဘော့စ်က ဘာကြောင့်ဒီလိုဖြစ်ရသလဲ' ဆိုသည်ကိုသုံသပ်ကြည့်ဖို့မေ့သွားခဲ့သည်။

"ငါဘယ်လိုသိတာလဲ—-  —- မင်းစိတ်ထဲနည်းနည်းမှသိမနေဘူးလား ၊ ငါ မင်းရဲ့အိမ်စာတွေကိုကူးရေးလာတာ နှစ်ဘယ်လောက်ကြာနေပြီလဲ ၊ မင်းရေးတဲ့စာလုံးတွေ မြန်မြန်ပဲရေးရေး နှေးနှေးပဲရေးရေး သော့ပဲရေးထားထား မင်းဘယ်ဘက်လက်နဲ့ပြောင်းရေးထားပါစေဦးတော့ ငါအကုန်မှတ်မိတယ်ကွ!"

". . . . . ."

ဒါကတကယ်ကို သူ့ရဲ့ကျဆုံးခန်းမှန်း ရှဲ့ယွီလုံးဝထင်မှတ်မထားခဲ့။

"ငါမင်းနဲ့ညီအစ်ကိုလိုပေါင်းလာတာ ဒီလောက်နှစ်ကြာနေပြီကို မင်းကငါ့ဒီလိုလိမ်တယ်ပေါ့? "

ကျိုးသာ့လေသည် ဆဲဆိုရင်းမှ ရှဲ့ယွီအားအင်္ကျီကော်လာမှဆွဲကာ ထောင့်စွန်းဘက်သို့ဆွဲခေါ်သွားသည်။

"ငါပထမဆုံးအကြိမ် မင်းအဆင့်တွေကဘယ်လိုဖြစ်ရတာလဲဆိုပြီးမေးတုန်းက မင်းငါ့ကိုဘယ်လိုပြန်ပြောခဲ့လဲ ၊ ဘာတဲ့ ကျယ်ပြောလှတဲ့ကမ္ဘာကြီးမှာ ကိုယ်တိုင်ထက် ပိုတော်တဲ့သူတွေဆိုတာရှိတယ် လူ့ဘဝဆိုတာကောင်းတစ်ခါ ဆိုးတလှည့်ဆိုလား ၊ သောက်ရေးမပါတာတွေ!"

ကျိုးသာ့လေသည် ကရားရေလွှတ်ပြောပြီးတာတောင် ဒေါသကမပြယ်။

ရှဲ့ယွီသည် ခွန်းတုံ့မပြန်ဘဲ သူ့အားဆဲချင်သလောက်ဆဲခွင့်ပြုထားလိုက်၏ ၊ ဤသည်မှာ ဘဝတစ်လျှောက်လုံး၌ တစ်ကြိမ်တည်းသော စိတ်ရှည်ထားနိုင်ခြင်းဟုခေါ်နိုင်သည်။

"ဆဲလို့ဝပြီလား မဝသေးရင်ဆက်ဆဲ။"

ကျိုးသာ့လေသည် စီးကရက်ဘူးကိုနှိုက်ကာ နံရံထောင့်ကွယ်၍တစ်လိပ်ကုန်အောင် သောက်လိုက်သည်။ ရှဲ့ယွီသည် အချိန်အားကြည့်ကာ ပြန်မည်လုပ်တော့မှ ကျိုးသာ့လေကလက်ကိုလှမ်းဆွဲထားပြီး လေသံတိုးတိုးဖြင့်ဆိုလာသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now