Chapter-14

780 99 0
                                    

အပိုင်း ၁၄ [မရှက်ပါနဲ့]

ရှဲ့ချောင်ဆီက စကားလေး တစ်ခွန်း နှင့်တင် ကျောက်ရွှမ်ကျင်းစိတ်ထဲရှိ မေးခွန်းများစွာဟာ သူ့လည်ချောင်းဝ၌ တစ်သွားခဲ့သည်။

တိုက်ဆိုင်မှု?

သူမသည် အချိန်နာရီအတိအကျကိုတောင် တွက်ခဲ့ပြီးတော့ အခုကျတော့ ဒါက တိုက်ဆိုင်မှုလေးတစ်ခုတင်ပါလို့ သူ့ကို ပြောတယ်?

မည်သို့ပင်ဖြစ်စေ၊ မနေ့ကဖြစ်ရပ်ကို သူပြန်တွေးကြည့်လိုက်လျှင် သူ့မှာ သူမကို တရားရုံးတော်သို့ ပို့တော့မလိုပင် ဖြစ်ခဲ့သည်။ ဒီတော့ ယနေ့ သူ့အား စိတ်အနှောက်အယှက် ပေးရန် သူမ စိတ်မဝင်စားတော့သည်မှာ အကျိုးအကြောင်း သင့်သည်ပင်။

" မိန်းကလေးရှဲ့၊ ကျွန်တော့်ရဲ့ ခရီးလမ်းကြောင်း တစ်လျှောက်မှာ အခြားအန္တရာယ်တွေ ဒါမှမဟုတ် အဟန့်အတားတွေ ရှိ​နေဦးမလားဆိုတာကို ကူပြီးကြည့်ပေးနိုင်မလား? " ​

ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင်၏ မျက်နှာအား အစုန်အဆန်ကြည့်ကာ အကဲခတ်လိုက်သည်။ အကြောင်းအရင်းအချို့ကြောင့် သူ့လေသံမှာ အတော်လေး ညင်သာလာခဲ့သည်။

ရှဲ့ချောင်သည် သူမ၏စိတ်ထဲတွင် မျက်ဆံများလှန် လိုက်သည်။

သူက ဒီခရီးမှာ အန္တရာယ်တွေကို တစ်ယောက်တည်း ကြုံတွေ့ရမည်သာမဟုတ်။ ထိုလူမှာ ငြိမ်းချမ်းသော ဘဝတွင် နေထိုင်သွားရမည့် လမ်းလည်းမမြင်ပေ။

မကောင်းဆိုးဝါးဝိဉာဥ်နှင့်သရဲတစ္ဆေများကို သူ့လိုဆွဲဆောင်ခဲ့သလို ဆွဲဆောင်နိုင်သည့်လူကို သူမတစ်ခါမှမမြင်ဖူးခဲ့ပေ။ သူ့ခန္ဓာကိုယ်မှစိမ့်ထွက်နေသည့် အမည်းရောင်အငွေ့အသက် ပမာဏမှာလည်း ကောင်းကင်ယံသို့ရောက်လုနီးပါးပင်ဖြစ်သည်!

ဤကဲ့သို့သောလူများထံမှ သူမ ဝေးဝေးနေရမည်...

" ရှင်.….အန္တရာယ် ကြုံတွေ့ရလိမ့်မယ်။ ပိုပြီးတော့ ဂရုစိုက်လိုက်ရုံပါပဲ။ တကယ်လို့ ကျွန်မတို့မှာသာ အရာသေးသေးလေးတွေ အားလုံးအတွက် ဗေဒင်လိုက်ဟောပေးရမယ်ဆိုရင် ကံကြမ္မာဟောပြောသူတွေအကုန် ခြေကုန်လက်ပန်းကျပြီး သေကြတော့မှာပဲ... ပြီးတော့ ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေလို့မဖြစ်ဘူးလေ။"

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now