Chapter -1

2K 153 1
                                    

【Unicode 】

အပိုင်း-(၁) [ချမ်းသာခြင်းနတ်ဘုရားတော့ ထွက်သွားရှာပြီ]

ယွင်ကျင်းတောင်တန်းတွင် တည်ရှိ‌သော ရွှေယွဲ့တာအိုဘုရားကျောင်းလေးသည် ပူပြင်းသော နွေရာသီဖြစ်နေသော်လည်း တောင်အောက်ရှိ ပူပြင်းလှသောရာသီဥတုဒဏ်ကို မခံရသကဲ့သို့ တည်ရှိနေသည်။ ထိုသေးငယ်လှသော ဘုရားကျောင်းလေးမှာ ရိုးရှင်းစွာ လန်းဆန်းသည့် ခံစားချက်မျိုးကိုလည်း ပေးစွမ်းနေသည်။
နွေဦးရာသီကဲ့သို့ပင်ခံစားရသည်။

ထိုဘုရားကျောင်း၏ ဗိမ္မာန်တံတိုင်းဘေးတွင် နူးညံ့သော ထိုင်ခင်းတစ်ခုရှိသည်။ ထိုထိုင်ခင်းလေးပေါ်တွင် အလွန်ချောမောလှပသည့် မိန်းမပျိုလေးတစ်ဦးထိုင်နေ၏။

သူမသည် တာအိုဝတ်ရုံကို ဆင်မြန်းထားပြီး ဗိမ္မာန်တံတိုင်းအားမှီကာ ထိုင်လျက်ရှိနေသည်။ တစ်ကြိမ်ကြည့်ရုံဖြင့် မျက်စိဖမ်းစားနိုင်သော ငှက်‌မွှေးယပ်တောင်အားဖြူ၀င်းသောလက်ကလေးဖြင့် ဆုပ်ကိုင်လျက် ဖြည်းညင်းစွာယပ်ခပ်နေ၏။

လက်တွင်ဆင်မြန်းထားသော ခေါင်းလောင်းငယ်လေးမှာ သူမ၏လှုပ်ရှားမှုများအား အဖြေပေးနေဟန်ဖြင့် တစ်ခါတစ်ရံ နှစ်ကြိမ်ခန့် အသံပေးနေလေသည်။

ရှည်လျားသော သူမ၏ဆံနွယ်များကို ဆံထုံးငယ်လေးပုံစံ တစ်ဝက်ထုံးဖွဲ့ထားပြီး သစ်သားဆံထိုး‌တစ်ချောင်းကိုလည်း ဆံထုံးထဲတွင်အလျားလိုက်စိုက်ထားဟန်ဖြင့်ရှိနေသည်။ သူမ၏ ပခုံးထက်တွင် ဆံထုံးထုံးရာ၌ ကျကျန်ခဲ့သော ဆံနွယ်အချို့က ဝဲကျနေသေးသည်။ သူမ၏ ရှည်လျားကျဉ်းမြောင်းသော မျက်ဝန်းများမှာ ပျင်းရိခြင်းအငွေ့သက်ကို ပြနေလေသည်။

"အိုး..”
သူမ ဘေးနားမှအဖိုးအိုတစ်ဦးမှာ သက်ပြင်းအခါခါချနေ၏။

ရှဲ့ချောင်သည်ယပ်တောင်ခပ်နေခြင်းအားရပ်တန့်လိုက်ကာ
"ဒီတစ်ခဏလေးအတွင်းမှာ အဖိုး သက်ပြင်းချတာ ဆယ်ခါထက်မနည်း‌တော့ဘူး ”

ထို့နောက်ယပ်တောင်ပေါ်မှ ဌက်မွှေးများအား လက်တစ်ဖက်ဖြင့် ပွတ်သပ်လိုက်သည်။
“ကျွန်မကိုတစ်ကယ်မသွားစေချင်ရင်လည်း ဟိုကလေးကိုလွှတ်ပြီးပြောခိုင်းလိုက်ပါလား ဘာပဲဖြစ်ဖြစ် သူတို့ ကျွန်မကို ကြိုးနဲ့ ချည်ပြီးခေါ်သွားလို့ရမှာလည်း မဟုတ်ဘူးလေ"

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now