Chapter : 26

Beginne am Anfang
                                    

ထူးဆန်းသည်။
အချိန်များမှာ အလွန်တရာနှောင့်နှေးသွားဟန်ရှိပြီး
အရုဏသည် အကြောင်းမဲ့သပ်သပ်နှင့် ယုဂန်​၏ လှုပ်ရှားမှုတိုင်းကို အသေးစိတ်သတိပြုမိနေသည်။

မသိမသာလှုပ်ရှားနေသော မျက်ခွံနှင့် နူးညံ့လွန်းစွာတုန်လှုပ်သွားသော မျက်တောင်ဖျားလေးကအစ...
နားရွက်ပေါ်တင်နေသော ဆံစအချို့ဟာ ထွေးအိစွာကျဆင်းလာပြီး ပန်းရောင်ဖျော့သောပါးပြင်ကို ထိခတ်သွားသည်အဆုံး....
ဖျော့တော့သောလက်ပေါ်ရှိ စိမ်းပြာရောင်အကြောစိမ်းလေးများနှင့် ညင်သာလွန်းစွာ လှုပ်လီလှုပ်လဲ့ဖြစ်သွားသော လည်ဇလုပ် အထိ...

အသေးစိတ်ဆန်လွန်းစွာ လှုပ်ရှားမှုတိုင်းကို အရုဏသည် အမှုမဲ့ငေးကြည့်မိနေသည်။ သူ​၏ခေါင်းထဲတွင် တခြားအတွေးဟူ၍ တစ်စက်မှ မရှိတော့။ အာရုံတို့ဟာ ထိုမြင်ကွင်းအပေါ်ကိုသာ ဈာန်ဝင်စားလျက်ရှိပြီး စိတ်အစုံဟာ မျောလွင့်သွားသယောင်။

ထူးဆန်းသော နွေးထွေးဆွတ်ပျံ့သည့် ခံစားချက်မျိုးဖြစ်သည်။ တစ်ခါမှ မတွေ့ကြုံဖူး၊ မခံစားဖူးသော ရင်ထဲ၊ နှလုံးသားထဲမှ စူးနစ်ဝင်ရောက်သည့် စိမ်းသက်သောခံစားချက်မျိုးဖြစ်သည်။

ပတ်ဝန်းကျင်ဟာ အလွန်အမင်းတိတ်ဆိတ်ငြိမ်သက်နေ​၏။ ညှင်းသဲ့သော လေ​၏အသံမှတစ်ပါး တခြားသောအသံများမရှိ။ တိတ်ဆိတ်လွန်းသောကြောင့် သူသည် သူ​၏ရင်ထဲမှ နူးညံ့လွန်းသောလှုပ်ခတ်မှု​၏ အသံဖျော့ဖျော့ကိုပင် ကြားနေရသည်။

အစိမ်းရောင်မျက်ဝန်းများဟာ တွေ့မြင်နေရသော ကောင်လေး​၏ပုံရိပ်မှ မခွာနိုင်။

သွယ်လျစွာ လှပသော အနှီသူ​၏လက်ချောင်းများသည် စာအုပ်ထောင့်စွန်းကို ရွရွလေးကိုင်ထားသည်။ ဖြူဖျော့သော အနှီလက်ချောင်းထိပ်များတွင် မနုလွန်း ၊ မရင့်လွန်းသောပန်းနုရောင်ဖျော့ဖျော့ သန်းနေ​၏။ နုအိအေးစက်မည်ဖြစ်သော ထိုလက်ချောင်းထိပ်လေးများသည် ပါးလွှာသော စက္ကူ​၏ထောင့်စွန်းကို တို့ထိပြီး စာရွက်ကိုဖြည်းဖြည်းချင်း လှန်လိုက်​၏။

မျက်တောင်တစ်ချက်ခတ်သွားသည်။
မထူလွန်း မပါးလွန်းသော နီစွေးစွေးနှုတ်ခမ်းသည် တင်းတင်းစေ့ထားရာမှ အတန်ငယ်ပွင့်ဟ,သွားသည်။

The Everlasting One  ( volume 1 )Wo Geschichten leben. Entdecke jetzt