Chapter : 39

20.5K 2.7K 361
                                    

Unicode

မင်းသမီးကို ခိုးပြေးခြင်း Plan !

______________________

"ဘဒ္ဒါ...ယုဂန်ကို လက်မထပ်ချင်ဘူး..."

ဘဒ္ဒါဒေဝီသည် ပြောလည်းပြော၊ ငိုလည်းငို​၏။ မျက်ရည်စက်တို့ ဘဒ္ဒါဒေဝီ​၏မျက်ဝန်းအိမ်မှ အဆီးအတားမဲ့ ဖိတ်အန်ကျလာပြီး ပါးတစ်လျှောက်စီးဆင်းကာ မေးစေ့မှတစ်ဆင့် တစ်စက်ချင်းကျသွားသည်။ ပါးပြင်မှာ မျက်ရည်စီးကြောင်းတို့ဖြင့် စိုရွှဲနေလေပြီ။

သူမ​၏ဘေးတွင် ငုပ်တုပ်ထိုင်နေကြသည့် သူမ​၏အစ်ကိုတော်၊ မောင်တော် တို့မှာလည်း မည်သည့်စကားလုံးဖြင့် ချော့မော့ရမည်မသိသဖြင့် နှုတ်ဆိတ်နေကြ​၏။ အကုန်လုံးသည် ဘဒ္ဒါနှင့် ယုဂန်ကို တစ်လှည့်စီကြည့်ရင်း မှိုင်တွေနေကြသည်။ သုဒီပါကတော့ လက်ကိုင်ပဝါတစ်ထည်ကို ဘဒ္ဒါအားပေး၍ နှစ်သိမ့်သောအားဖြင့် ကျောကိုဖွဖွလေးပုတ်ပေးသည်။

ဘဒ္ဒါက ဒီပါပေးသောပဝါကိုယူပြီး မျက်ရည်ကိုခပ်ကြမ်းကြမ်းပွတ်တိုက် သုတ်ပစ်​၏။ ထို့နောက် ရှိုက်၍ 'ဗြဲ' ခနဲအော်ငိုနေပြန်​သည်။

" ကျွန်တော်လည်း အရှင့်သမီးကို လက်မထပ်ချင်ပါဘူးနော်..."

ယုဂန်သည် အားမရှိသောအသံနှင့်ဆိုရှာသည်။ သူကိုယ်တိုင်လည်း အံ့အားသင့်၍ ရှော့ရိုက်သွားသည့်အပြင် စိတ်ရှုပ်နေသဖြင့် ခေါင်းကိုသာ နာနာကုတ်နေမိသည်။ သက်ပြင်း အခါခါချမိ​၏။

ဘဒ္ဒါရော၊ သူရော လက်မထပ်ချင်ကြ။ ကာယကံရှင်နှစ်ယောက်မှာ ဤမင်္ဂလာပွဲကို လက်သင့်မခံချင်ကြ။ သို့ရာတွင် မည်ကဲ့သို့ငြင်းရမည်နည်း။ သုရှင်​၏နှုတ်ထွက်စကားမှာ ဥပဒေကဲ့သို့ခိုင်မာသဖြင့် သူ​၏ဆုံးဖြတ်ချက်ကို ပြင်လိမ့်မည်မဟုတ်ပေ။ ဘဒ္ဒါနှင့် ယုဂန်တို့​၏ စိတ်မပါစေကာမူ သုရှင်က မရမကလက်ဆက်ပေးလိမ့်မည်။

ဘုရင့်သမီးတော်နှင့် လက်ထပ်ရခြင်းသည် ဆုထူးတစ်ခုဖြစ်၍ လူတိုင်းချီးကျူးဂုဏ်မြှောက်ကြမည့် နေရာတစ်ခုဖြစ်သည်။ မင်းသမီးဘဒ္ဒါဒေဝီကလည်း ရူပကာ တင့်တယ်ချောမောနေသေး​၏။ အများအမြင်၌ ယုဂန်သည် ဘုရင့်သမက်တော်လည်းဖြစ်ဦးမည်။ ဇနီးချောလေးကိုလည်း ရရှိဦးမည်။ ယုဂန်ကို ကံကောင်းသောလူဟု သမုတ်ကြပေလိမ့်မည်။

The Everlasting One  ( volume 1 )Where stories live. Discover now