Chapter : 21

20.7K 3.2K 351
                                    

Unicode

ဂန္ဓမာ မပြောင်းလဲချင်ခဲ့ပါ...သို့သော်

________________

အစိမ်းရောင်ဝတ်အမျိုးသမီးကိုမြင်လေသော် ဂန္ဓမာသည်
သူမပါးစပ်ကို လက်ဖြင့်ပိတ်ကာလိုက်မိ​၏။ သူမသည် အံ့အားသင့်ခြင်းများစွာဖြင့်ပြောလိုက်သဖြင့် သူမအသံသည် အနည်းငယ်ကျယ်သွား​၏။

"သင်...သင်က ကျွန်မတို့ရဲ့ပန်းပင်တွေကိုစောင့်ရှောက်တဲ့ ဘီ...ဘီလူး..."

"တိုးတိုးပြောပါ..."

စန္ဒာသည် အတိုးညှင်းဆုံးသောအသံဖြင့် ဂန္ဓမာ့​၏စကားကိုဖြတ်ပြောလိုက်သည်။ ထို့နောက် ဘေးဘီကို ဘယ်ပြန်ညာပြန်လှည့်ပတ်ကြည့်လိုက်ပြီး မည်သူမှမရှိကြောင်း သေချာသည်နှင့် ဂန္ဓမာ​၏လက်ကိုလှမ်းဆွဲကာ
ဝင်္ကပါတောင်ဘက်ခြမ်းသို့ ဆွဲခေါ်သွား​၏။ ဂန္ဓမာသည် အံ့ဩကြောက်လန့်ခြင်းများနှင့်ပင် စန္ဒာဆွဲခေါ်ရာသို့ ပါသွားသည်။

စန္ဒာက သူမကို ဝင်္ကပါတောင်တံတိုင်း​၏အနောက်ဘက်ရှိ သစ်ပင်ကြီးတစ်ပင်အောက်သို့ ခေါ်သွားသည်။ စန္ဒာသည် အလွန်အမင်း သတိထားနေပုံပေါက်ကာ အဆောတလျင်အရေးကြီးပုံလည်း ပေါက်နေသည်။ သူမသည် ဘေးပတ်ဝန်းကျင်ကို အရိပ်အခြည်ကြည့်လျက် တိုးသောအသံဖြင့်ပြောသည်။

"ကျွန်ုပ် ဒီကိုလာပြီးသတိလာပေးတာကို ကျွန်ုပ်ဆရာဖြစ်တဲ့ တောင်စောင့်နတ်မင်းကြီးသိရင် စိတ်ဆိုးလိမ့်မယ်။
သူက လူသားတွေရဲ့အရေးကိစ္စကို ဝင်စွပ်ဖက်တာ မကြိုက်ဘူးလေ။ သင့်ကိုခေါ်လိုက်တယ်ဆိုတာကလည်း
ကျွန်ုပ်အနေနဲ့ သာမန်လူသားတွေကို ခေါ်လိုက်ရင် သူတို့လန့်သွားမှာစိုးလို့။ သင်က သာမန်လူသားထက်ပိုတဲ့ စုန်းမို့ သင့်ကိုခေါ်လိုက်တာပါ..."

ဂန္ဓမာသည် မိမိရှေ့ရှိ ဘီလူးမပျိုကို အသံတိတ်စိုက်ကြည့်နေမိသည်။ ထိုဘီလူးမပျိုသည် လူသားမိန်းကလေးများထက်တောင် ရုပ်ရည်ရူပကာချောမောတင့်တယ်ပါသေး​၏။ သို့သော် ဤလူသားပုံစံမှာ သူမ​၏ပုံစံအစစ်တော့မဖြစ်နိုင်။ ဘီလူးမပျိုသည် ၁၈၊ ၁၉ နှစ်အရွယ်မိန်းကလေးတစ်ယောက်အသွင်ရှိသော်လည်း သူမ​၏အသက်မှာမူ နှစ်၄၀၀ထက်မနည်းရှိမည်ဖြစ်ကြောင်း လူကြီးများ​၏ပြောကြားမှုအရ ဂန္ဓမာသိရှိရပါသည်။ ပန်းပင်များကိုစောင့်ရှောက်သည်ဟု ယုံကြည်ကြသော အနှီဘီလူးမပျိုသည် ရုတ္တတောင်တန်းနားတစ်ဝိုက်တွင် နတ်ကဲ့သို့ ကိုးကွယ်ခံနေရပြီး သူမ​၏အကြောင်းများကို ပုံပြင်သဖွယ်ပြောဆိုလေ့ရှိကြသည်။

The Everlasting One  ( volume 1 )Where stories live. Discover now