Chapter : 46

20.7K 2.6K 210
                                    

Unicode

ရင်နာနာဖြင့်စွန့်လွှတ်ခဲ့ရသောသူ

____________________________

ထိပ်ဆုံး၌ထိုင်နေသည့် ဘုရင်မင်းမြတ်သည် ထမင်းတစ်လုတ်ကို ဦးစွာစ,စားလိုက်မှ ကျန်သောသူများအားလုံး မိမိတို့​၏ဇွန်းကို ကောက်ယူလိုက်ကြသည်။

ဖခင်နှင့်သားများ ထမင်းလက်ဆုံစားခြင်းဟု ရိုးရှင်းစွာမြင်တွေ့နိုင်သော်လည်း တကယ်တမ်းဘုရင်တစ်ပါးနှင့် ထမင်းတစ်နပ်အတူစားရခြင်းမှာ ကရိကထများလွန်းသည်။ ဇွန်းသံ၊ ပန်းကန်သံမထွက်မိအောင် ၊ စကားမပြောမိအောင် ဂရုစိုက်ရရင်း အပြုအမူတိုင်းဟာလည်းတော်ဝင်ဟန်ပီသရမည်မို့ ပေါ့ပေါ့ပါးပါးနေတတ်သော နန္ဒနှင့်သုဒီပါအတွက် စိတ်ကျဉ်းကြပ်စရာဖြစ်နေလေသည်။ သုရှင်ဟာ ဒီနေ့ကျမှ မိသားစုဝင်အားလုံးနှင့် စားတော်ပွဲတည်ခင်းမည်ဟု ထူးထူးခြားခြားဆုံးဖြတ်လိုက်ရသလဲ မသိပါချေ။

နန္ဒ စိတ်လွတ်လက်လွတ်ဖြစ်ပြီး စားပွဲအလယ်တွင်ရှိသော ဟင်းခွက်ကို ကုန်းပြီးလှမ်းယူသည်။ မိဖုရားခေါင်ကြီး ပဉ္စမာယာသည် နန္ဒကိုမျက်လုံးထောင့်ကပ်ကြည့်​၏။
ဟင်းခွက်ကိုမယူတော့ဘဲ နန္ဒပြန်ထိုင်သွားပြီး အနားတွင်ရှိသော ရံရွေတော်ကိုတိုးတိုးတိတ်တိတ် အမိန့်ပေးသည်။
ရံရွေတော်က ဟင်းခွက်ကိုတရိုတသေယူပေး​​၏။

ကိုင်း...ဒီတိုင်းယူလိုက်ရင်ပြီးပြီဟာကို သွယ်ဝိုက်နေရသောကြောင့် နန္ဒစိတ်မရှည်တော့ပါချေ။ ဒါကြောင့် သုရှင်နှင့် စားတော်ပွဲမတည်ခင်းလိုခြင်းဖြစ်သည်။ သို့သော်လည်း ထိုအခြင်းအရာကို ပါးစပ်မှထုတ်ပြော၍လည်းမရ။
သူနှင့် သုဒီပါသည် အလွန်အမင်းနေရခက်လျက်ရှိသည်။

မင်းယောဇာသည် ရေတစ်ခွက်ယူမော့သောက်ရင်း သူ​၏အကြည့်မှာ အရှေ့တည့်တည့်တွင်ရှိသော အိမ်ရှေ့စံဘရဏသူဆီ ရောက်ရှိသွားသည်။

အိမ်ရှေ့စံဘရဏသူသည် သုဒြာကိုလှည့်ကြည့်ရင်း ပြုံးနေ​၏။ ထို့နောက်တွင် သုဒြာ​၏ပန်းကန်ထဲသို့ အရင်ဦးဆုံးဟင်းများခပ်ထည့်ပေးနေသည်။

"သုဒြာက ပဲကတ္တီပါကြိုက်တယ်မဟုတ်လား"

သုဒြာသည် ဘရဏသူကို အံ့ဩထူးဆန်းပုံနှင့်ကြည့်သည်။ ထို့နောက် သူမမဝံ့မရဲခေါင်းညိတ်ပြသည်။ ဘရဏသူသည် သူမအနားသို့ ပဲကတ္တီပါဟင်းပန်းကန်ကိုတိုးရွှေ့ပေးသည်။

The Everlasting One  ( volume 1 )Where stories live. Discover now