Chapter : 72

21.4K 2.4K 1.3K
                                    

Unicode

အစ်ကိုတော့်အတွက် လျှို့ဝှက်မွေးနေ့ပွဲ

_____________________________

​နွေးဖြာဝေသော နေရောင်ခြည်အောက်ဝယ် ငွေရောင်ဓားသွားတစ်လက် ရှားခနဲဝှေ့ယမ်းသွားသောအခါ တံလျှပ်ကဲ့သို့ အလင်းစူးစူး ဖျတ်ခနဲလက်သွားသည်။

ဓားသွားမှာ စိတ်အားထက်သန်မှုများ ပြည့်ဝနေခဲ့သည့်တိုင် အရှိန်နှင့်အင်အားလျော့နည်းလှသည်။ ယင်းက ပြိုင်ဖက်ကို ဒေါသတကြီးမဖြတ်တောက်ပစ်ဘဲ ပြိုင်ဖက်​၏လည်ပင်းအနား၌ တိခနဲရပ်တန့်သွားသည်။

ဓားသည် သူ့ကိုထိခိုက်စေလိမ့်မည်မဟုတ်မှန်း သိသော်လည်း ပြိုင်ဖက်လူမှာ ထက်ရှသောဓားသွားမှ ဝေးကွာချင်သဖြင့် ခေါင်းကိုလှန်မော့လိုက်သည်။

" ဟဟ...နောက်ထပ်တစ်ကြိမ် ငါနိုင်ပြီ"

ဓားကိုင်ထားသည့် သုန္ဒရီက ရွှင်မြူးစွာဆိုသည်။

သုံးပွဲဆက်တိုက်ရှုံးထားသဖြင့် စိတ်မကြည်တော့ဘဲ ညစ်တွန်းတွန်းနေသော နန္ဒသည် နှုတ်ခမ်းကိုဆူထော်လိုက်ပြီး သူ​၏လည်ပင်းအနားတွင် ရစ်သီရစ်သီလုပ်နေသောဓားသွားကို လက်ညှိုးဖြင့် အသာတွန်းဖယ်လိုက်သည်။

"ငါချည်းပဲရှုံးနေတယ်...ပျော်စရာလည်းမကောင်းတော့ဘူး"

သူ ဆူပုတ်ပုတ်မျက်နှာဖြင့် မကျေမချမ်းပြောသည်။

" မရှုံးချင်ရင် ငါ့ကိုနိုင်အောင်တိုက်လေ...မဟုတ်မှတော့ အရှုံးကိုလက်ခံလိုက်"

သုန္ဒရီ​၏ရယ်ကျဲကျဲရုပ်နှင့် လှောင်ပြောင်လိုသောအပြုံးကြောင့် နန္ဒမျက်စောင်းခဲသည်။

သူသည် ကလေးဆန်လှပြီး သူလိုချင်တာသာသိသော မင်းသားတစ်ပါးဖြစ်သောကြောင့် ရှုံးနိမ့်ခြင်းဟူသည်ကို လက်မခံချင်။ နောက်တစ်ကြိမ်တွင်တော့ သုန္ဒရီကိုမနိုင်,နိုင်အောင် တိုက်ခိုက်ရမည်ဟု တွေးတောရင်း လက်ရုံးရည်ချင်းယှဉ်၍တိုက်ခိုက်ရာကြိုးဝိုင်းထဲမှ အပြင်သို့ထွက်သွားသည်။  သုန္ဒရီသည် သူမ​၏ဓားကို ဓားအိမ်ထဲ အမြန်ထိုးထည့်လိုက်ပြီးနောက် နန္ဒနောက်သို့အပြေးလိုက်သွားသည်။

The Everlasting One  ( volume 1 )Where stories live. Discover now