Chapter : 28

23.8K 3.2K 862
                                    

Unicode

မိုးမခပင်အောက် ပေးခဲ့မိသောကတိစကား

______________________

ယုဂန်သည် နန်းတွင်းဥယျာဉ်တော်ရှိရေကန်ဘေးနားသို့ ရောက်လာသောအခါ ရေကန်စပ်ရှိ မိုးမခပင်တစ်ပင်ကို သတိပြုမိသွားသည်။

မိုးမခပင်မှအနွယ်၊အခက်၊အရွက်တို့သည် မြေကြီးကိုထိမတတ် ဖြာကျအုပ်ဆိုင်းနေပြီး လေညှင်းနှင့်အလိုက်
နူးညံ့စွာလှုပ်ခတ်နေသည်။ ထို့အတူ ရေညှိများကြောင့် စိမ်းလဲ့နေသည့်ရေကန်ဟာလည်း ညင်သာသောလှိုင်းကြက်ခွပ်များဖြစ်ထွန်းနေပြီး လှိုင်းများသည် တလိပ်လိပ်ထ,ရင်း ရေကန်စပ်သို့ဦးညွတ်နေလေသည်။

ရှည်အိကွေးညွတ်နေသော မိုးမခနွယ်​၏အရိပ်အောက်တွင်မူ အစိမ်းရောင်လူသဏ္ဌာန်တစ်ခုသည် အပူအပင်ကင်းစွာ လဲလျောင်းနေလျက်ရှိ​၏။

ယုဂန်သည် တိုးဖျော့သောခြေလှမ်းများနှင့် မိုးမခပင်နားသို့တိုးကပ်သွားသည်။ ကန့်လန့်ကာချထားသည့်နှယ်ဖြစ်နေသောမိုးမခနွယ်များကို လက်ဖြင့်အသာလှစ်လိုက်ပြီး ဆိုင်းအုပ်သောမိုးမခပင်အောက်သို့ သူ ဝင်ရောက်လိုက်သည်။ အပင်ခြေရင်းတွင် အရုဏက မျက်လုံးများကိုမှိတ်လျက် လက်နှစ်ဖက်ကို ခေါင်းခုအိပ်ရင်း လှဲနေသည်။

"အိပ်ပျော်နေတာလား..."

ယုဂန်သည် ခါးကိုင်းလိုက်ရင်း အရုဏကိုငုံ့ကြည့်လိုက်​၏။ ထိုအခိုက်တွင် အရုဏ​၏ခပ်စိပ်စိပ်မျက်တောင်များ ရုတ်တရက်ပွင့်သွားပြီး ကျောက်စိမ်းကဲ့သို့မျက်ဝန်းမှာ
ယုဂန်ကို စိုက်ကြည့်လာပေတော့သည်။ ယုဂန်ကိုမြင်သော် အစိမ်းရောင်မျက်ဆံအလယ်ရှိ အနက်ရောင်သူငယ်အိမ်မှာ မသိမသာကျယ်ပြန့်သွားသည်။

"အ့..."

ယုဂန်သည် အရုဏကိုအိပ်ပျော်နေသည်အထင်နှင့် ငုံ့ကြည့်နေရင်း ရုတ်တရက်မျက်စိပွင့်လာသောကြောင့် လန့်သွား​၏။ လန့်သွားသဖြင့် အာမေဋိတ်သံတစ်ခုကိုပင် ပြုမိလိုက်သည်။

" ကျွန်တော့်ကြောင့်နိုးသွားတာတော့ မဟုတ်ဘူးမလား"

" အစတည်းက အိပ်မပျော်နေတာပါ"

The Everlasting One  ( volume 1 )Where stories live. Discover now