Chapter : 33

21.5K 3.1K 1.4K
                                    

Warning - Sexual Content Alert!

Unicode

ဒီကောင်လေးက မြှူဆွယ်နေတာ

_____________________

ယုဂန်နိုင်.....

ရေကန်ထဲမှ ဘွားခနဲပေါ်လာသဖြင့် အံ့ဩရမည့်အစား
အရုဏပျော်သွားပြီး နှုတ်ခမ်းအစုံတို့ဟ,ကာ ပြုံးယောင်သမ်းသွားသည်။

သို့သော် ချက်ချင်းပင် ရုပ်ပြန်တည်သွားပြီး မေးသည်။

"မင်း ဒီကိုဘယ်လိုလုပ်ပြီး ရောက်နေတာ...လဲ..."

အစကမူ အရုဏ​၏ပုံစံအတိုင်း မာမာထန်ထန်နှင့် အထက်စီးဆန်သောလေသံဖြင့် မေးမည်ဟု လုပ်ထားသည်။ သို့သော် သူ့အသံမှာ အဖျားခတ်တုန်သွားပြီး နွေဦး​၏လေညင်းပမာ ပျော့ပျောင်းတိုးဝင်သွားရသည်။

ယုဂန်သည် သူ့ကို တည့်တည့်လှည့်ကြည့်လာ​သောကြောင့်ပင်။

ရေမှုန်ရေစက်လေးများ တင်ကျန်နေသည့်မျက်နှာနုနုမှာ
မက်မွန်ပွင့်ဖတ်များ​၏အသွေးပမာ ပန်းဖျော့ဖျော့သမ်းနေသည်။ အထူးသဖြင့် ပါးအို့တို့မှာ နီမြန်းနေ​၏။ ရှည်လျားသည့် မျက်တောင်စင်းစင်းများပေါ်တွင် ရေစက်အချို့တင်ကျန်နေပြီး နက်မှောင်တောင်ပသောဆံနွယ်များဟာလည်း ရေများဖြင့်စိုရွှဲကာ သူ့ခန္စာကိုယ်တွင် ကပ်တွယ်နေလေသည်။

မှင်ရောင်ကဲ့သို့နက်သော မျက်ဝန်းအိမ်ကြီးကြီးမှာ ရီဝေရွှန်းလဲ့နေသည်။ မျက်လုံးထောင့်စွန်းများ နီမြန်းနေပြီး အရည်ကြည်များပင် ဝေ့သီလျက်။ နှုတ်ခမ်းဖူးဖူးလုံးလုံးလေးမှာလည်း အသီးမှည့်တစ်လုံးပမာ ရဲပတောင်းခတ်ကာ စိုစွတ်နေသည်။ အဝေးကကြည့်ရင်တောင် မူးနေမှန်းသိသာလှသည်။

ယုဂန်က ချိုမြစွာပြုံးပြလာသည်။
နီရဲသောပါးအို့လေး မို့တက်သွား​၏။ ရှေ့သွားကြီးကြီးလေးနှစ်ချောင်း ချစ်စဖွယ်ပေါ်လာသည်။

"ပူအိုက်လို့ ရေလာစိမ်နေတာလေ..."

ယုဂန်နိုင်​​​၏နဂိုအသံနှင့်မတူဘဲ ပြစ်ချွဲချွဲနိုင်ပြီး နှာသံအနည်းငယ်ပါနေသည်​။

အရုဏသည် ချောင်းတစ်ချက်ဟန့်ပြီး မျက်နှာကိုတင်းပစ်​၏။ မာကြောသော ရေခဲရိုက်မျက်နှာမျိုးကို အတင်းအကြပ်ချိတ်ဆွဲထားသည်။

The Everlasting One  ( volume 1 )Where stories live. Discover now