သန်းခေါင်ယံချစ်သူChapter (45)(zawgyi+Unicode)

2.8K 327 48
                                    

သန်းခေါင်ယံချစ်သူ
Chapter (45)

နွေဦးသည် မဟာမြိုင်ကိုပြန်ရောက်သော် အစ်ကိုတွယ်ဖက်ထားသည့်လက်ကို ဖယ်ချပြီး ခုံတန်းတစ်ခုပေါ်သို့ ထိုင်ချလိုက်ပြီး မျက်နှာကို လက်နှင့်အုပ်ကာ စိမ့်ထွက်လာသည့်မျက်ရည်ကို အစ်ကိုမမြင်အောင် ဖုံးကွယ်ထားလိုက်သည်။ ကဝေကြီးစိတ်နာအောင် ပြောလိုက်ရသည့်စကားများ၊ ကဝေကြီးနှင့် ရတနာဒေဝီဆိုသည့် မှော်ဆရာမ ပျောက်ကွယ်သွားသည့်မြင်ကွင်းက ဆူးတစ်ချောင်းလို၊ ဓားတစ်ချောင်းလို နှလုံးသားကို ထိုးဆွလို့နေသည်။ နာကျင်သည့်ခံစားချက်က မျက်လုံးများကို ဝေဝါးစေပြီး မျက်ရည်တို့ ထွက်လာတော့သည်။ ယောက်ျားတစ်ယောက်ကြောင့် မျက်ရည်ကျသည်ကို ရှက်သောကြောင့် မျက်နှာကို တင်းတင်းအုပ်ထားစဉ် မထင်မှတ်ထားသော အစ်ကို၏လက်ဖဝါးက မိမိခေါင်းကို ဖွဖွပွတ်သပ်ပြီး ဘေးမှာ ငြိမ်ငြိမ်လေးကပ်ထိုင်ပေးနေသဖြင့် နွေဦးရင်ထဲ ပိုမိုဝမ်းနည်းလာခဲ့သည်။

အစ်ကိုကချော့လျှင် မိမိက ခါးခါးသီးသီး တစ်ခုခုငြင်းဆန်မည်ဖြစ်သော်လည်း အစ်ကိုက စကားနှင့် တစ်လုံးမှမပြောဘဲ မိမိခေါင်းကို ကြင်ကြင်နာနာပွတ်ပေးပြီး နံဘေးမှ တိတ်ဆိတ်စွာ အဖော်ပြုပေးနေလိုက်သောကြောင့် မိမိကိုနားလည်ပါသည်၊ မိမိဘေးမှာ သူရှိနေပေးပါသည် ဆိုသည့်ခံစားချက်ကို ရလိုက်ပြီး နွေဦး၏နှလုံးသားက နည်းနည်း သက်တောင့်သက်သာ ရှိလာခဲ့သည်။

နွေဦးက မျက်နှာကိုအုပ်ထားသည့်လက်ကို ဖယ်ကာ ခပ်ဝေးဝေးကို ငေးငိုင်နေစဉ် နံဘေးမှအစ်ကို့ထံမှ စီးကရက်နံ့ကိုရလိုက်သဖြင့် လှည့်ကြည့်လိုက်သော်လည်း အစ်ကိုက ခပ်ဖျော့ဖျော့ပြုံးကာ မိမိထံ မီးညှိကာသူရှိုက်ဖွာထားသည့် စီးကရက်ကို ကပ်ပေးခဲ့သည်။ နွေဦးက ဘာမှမပြောဘဲ လှမ်းယူကာဖွာလိုက်စဉ် ရင်ထဲကသောကတချို့ စီးကရက်မီးခိုးနှင့်အတူ လွင့်ပြယ်သွားသလို စိတ်ပေါ့ပါးလာခဲ့သည်။

"စီးကရက်သောက်တာ မကောင်းဘူးဆိုပေမယ့် မကောင်းတဲ့အကျင့်ဆိုတာ ဖြတ်ရခက်သားပဲ.."

အစ်ကိုက ခပ်သာသာရယ်ကာ ပြောလိုက်သဖြင့် တင်းကျပ်နေသည့်လေထုက သက်တောင့်သက်သာ ပိုဖြစ်လာသည်။ နွေဦးက စီးကရက်မီးခိုးများကို ငေးကာ အဆုတ်ထဲထိ ထပ်ဖွာရှိုက်လိုက်စဉ် သွေးကြောထဲ တငွေ့ငွေ့စီးနေသည့် စွမ်းအင်တချို့ကို သတိမထားလိုက်မိပေ။ နွေဦး၏စိတ်ထဲတွင် ဘာကြောင့်ရယ်မသိ.. အစ်ကိုနှင့်ပထမဆုံးဆုံတွေ့ချိန်၊ အစ်ကို့ကိုစိတ်ကစားကာ ချစ်ခင်မိသည့်အချိန်က ခံစားချက်တို့ကို အမှတ်မထင် သတိရလာခဲ့သည်။ ထိုစဉ်က အစ်ကိုသာ အခြားသောလူငယ်များနှင့် မရှုပ်ဘူးဆိုလျှင် အစ်ကိုနှင့်မိမိတို့ တစ်ချိန်ကတိုင်ပင်ခဲ့ကြသလို တောင်ကြီးမြို့အထွက်က အစ်ကိုပိုင်သည့်အိမ်တွင် အတူနေဖြစ်ကြတော့မည်ထင်သည်။ အစ်ကိုက သူ့သင်တန်းကျောင်းကို ဦးစီးပြီး မိမိက အိမ်မှာဆေးခန်းဖွင့်ကြမည်။ နှစ်ယောက်သားက ယောက်ျားသားများဖြစ်လို့ ထမင်းချက်၊ အိမ်သန့်ရှင်းရေးကို လူတစ်ယောက်ခေါ်ပြီး အမွှေးပွကြောင်တစ်ကောင်ကို မွေးလို့ ဘဝကို အေးချမ်းစွာ ဖြတ်သန်းမိမည်ထင်သည်။

ဒါဆိုလျှင် မိမိဘဝက ခုလို မှော်ဆရာ၊ မှော်လောကဇာတ်ရှုပ်တို့နှင့် ပတ်သက်ခြင်းမရှိဘဲ ချစ်သူနှင့် အေးချမ်းစွာ ဘဝကို ရောင့်ရဲပျော်ရွှင်နေပေလိမ့်မည်။ ထိုသို့တွေးနေရင်း ရုတ်တရက် နွေဦး၏နှလုံးက အောင့်လာပြီး မျက်ရည်တစ်စက် ကျလာတော့သည်။

"အစ်ကို.. ကဝေကြီး အန္တရာယ်ကင်းပါ့မလား.."

အပြစ်မကင်းသည့်စိတ်ကြောင့် နွေဦး စည်းကမ်းမဲ့လျှောက်တွေးနေမိသည့်စိတ်တို့ သတိပြန်လည်လာပြီး အစ်ကို့ကိုမေးလိုက်သည်။ အစ်ကိုသူရက ဖွဖွပြုံးကာ နွေဦး၏ပါးပြင်က မျက်ရည်ကို အသာတို့ကာ သုတ်ပေးရင်း ပြောခဲ့သည်။

"ရတနာဒေဝီရဲ့စွမ်းအင်က ဘယ်လောက်ထက်သလဲ မင်းခန့်မှန်းမိမှာပါ.. သူက မင်းသတိုးကိုချစ်နေသူဆိုတော့ မီးစွမ်းအင်ကို ကောင်းကောင်း ထိန်းချုပ်ဖိနှိပ်ထားနိုင်မှာ သေချာပါတယ်.. သူ့ကို စိတ်မပူပါနဲ့.."

ထိုအထိတွေ့နှင့် စကားတို့ကြောင့် နွေဦး၏ရင်ထဲမှ ပူနေသည့်စိတ်တို့ ပြန်လည်တည်ငြိမ်လာပြီး နွေဦး အစ်ကို့မျက်နှာကိုငေးကြည့်ကာ အမှတ်တမဲ့ မေးလိုက်သည်။

"အစ်ကို.. ဘဝမှာ နောင်တရမိတဲ့ အခိုက်အတန့် ရှိခဲ့ဖူးလား.."

"ရှိခဲ့တာပေါ့.. မင်းနောက်ကွယ်မှာ ပွေရှုပ်ခဲ့မိတဲ့အချိန်ကို ပြန်တွေးမိရင် နောင်တအရဆုံးပဲ.."

ထိုစကားကြောင့် နွေဦး၏ရင်ထဲ အအေးလှိုင်းတချို့ ဖြတ်ပြေးသွားပြီး တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းလေးများ ထောင်ထသွားသလိုပင်။

"ဘာကြောင့်လဲ.."

"ဘာကြောင့်လဲဆိုတော့ မင်းမရှိတော့မှ ကိုယ့်အတွက် စိတ်ရင်းနဲ့ချစ်တဲ့သူ မရှိတော့ဘူးဆိုတာရယ်၊ ကိုယ့်ကို အချစ်စစ်နဲ့ချစ်မိသူကို စိတ်နာအောင်လုပ်မိတာ ဘယ်လောက်ယူကျုံးမရဖြစ်ရတယ် ဆိုတာရယ်ကို ကိုယ်သိခဲ့ရလို့ပဲ.. နွေဦးလေး.. ကိုယ် မင်းရှိရာကိုလာခဲ့တာ မင်းလေးဆီက ခွင့်လွှတ်မှုကိုလိုချင်လို့နဲ့ နောက်ထပ်တစ်ကြိမ် မင်းအချစ်ကိုရဖို့ ပြန်ကြိုးစားချင်လို့ပဲ.."

ထိုစကားများနှင့်အတူ စီးကရက်နံ့သင်းနေသည့် အစ်ကို့လက်ချောင်း ရှည်သွယ်သွယ်များက မိမိပါးပြင်ကို ညင်သာစွာထိလာပြီး မိမိနှုတ်ခမ်းရှိရာကို ငုံ့ကိုင်းကျလာသဖြင့် နွေဦး၏ရင်အစုံက လှုပ်ရှားလာပြီး ဗရမ်းဗတာခုန်လာသလို တစ်ဖက်ကလည်း ကဝေကြီးကို ပြင်းပြင်းထန်ထန်သတိရပြီး ရင်ထဲနာလာသဖြင့် အစ်ကို့လက်ကိုအသာဖယ်ချကာ ဗြုန်းခနဲ မတ်တပ်ထရပ်လိုက်မိပြီး နွေဦး ထွက်ပြေးလာမိတော့သည်။

ပြေးထွက်သွားသော နွေဦး၏နောက်ကျောကိုကြည့်ကာ သူရ၏မျက်ဝန်းထဲက အစိမ်းရောင်အလင်းတန်းတို့ လက်ခနဲဖြစ်သွားပြီး လက်သီးကိုဆုပ်လိုက်မိသည်။

"တောက်.. မင်းသတိုး... ငါ ဒီလောက် အအေးစွမ်းအင်နဲ့ ကောင်လေးကိုယ်ကို သန့်စင်ထားပြီးတာတောင် သူ့နှလုံးသားထဲမှာ မင်းရဲ့မီးစွမ်းအင်ကိုထည့်ထားတာ မဖျက်နိုင်သေးဘူးတဲ့လား.. ဒီည ဒီကောင်လေးက ငါ့အပိုင်ဖြစ်ရမယ်.. ပြီးရင် သူ့လက်နဲ့ မင်းကို ငါ ရအောင်သတ်ပြမယ်.."

သူရသည် စီးကရက်ထဲတွင် လစွမ်းအင်ကိုထည့်လိုက်ပြီး နွေဦးကိုယ်ထဲ အအေးလှိုင်းများဖြင့် တိတ်တဆိတ်ထည့်သွင်းကာ ညှို့လိုက်သည်။ ဒါပေမယ့် ထင်မှတ်မထားစွာနဲ့ နှလုံးသားထဲက မင်းသတိုး၏မီးစွမ်းအင်က ညှို့ချက်ကို ပယ်ဖျက်ပစ်လိုက်နိုင်သဖြင့် သူရ ဒေါသထွက်သွားသည်။ ထိုစဉ် တားမြစ်တောင်ထိပ်၌ ပြင်းထန်သောအားလှိုင်းကို ခံစားလိုက်ရသဖြင့် သူရ၏နှုတ်ခမ်းထောင့်က ကျေနပ်စွာပြုံးလိုက်မိသည်။ ဒီအဖျက်စွမ်းအားလှိုင်းအရ မင်းသတိုး ဘယ်လိုမှမလွတ်နိုင်တော့ဘူးဟု တွေးကာ ကျေနပ်စွာဖြင့် မဟာမြိုင်နန်းဆောင်ဘက်ကို လျှောက်လှမ်းလာတော့သည်။

"နွေဦးလေး.. မင်းရဲ့ကောင် ကြွသွားပြီဆိုတော့ အခု မင်းရဲ့သခင်အဖြစ် ကိုယ့်ကို အသုံးတော်ခံဖို့ အချိန်ကျပြီပေါ့.."

သူရသည် ရူပကလျာဏီကို လုံခြုံရေးအတွက် တာဝန်ပေးအပ်ကာ နွေဦး၏အဆောင်ကို လျှောက်လှမ်းလာတော့သည်။ ဒီကောင်လေးရဲ့ အသွေးအသားကိုစားသုံးပြီး မိမိတံဆိပ် ခတ်နှိပ်ရမည်။ မှော်ဆရာဖြစ်သောကြောင့် ဒီဆရာဝန်ကောင်လေးထက် ငယ်တာ၊ ချောတာလေးများကို လက်ဖျောက်တစ်ချက်အတီးမှာတင် မရေမတွက်နိုင်အောင် ရနိုင်ပေမယ့် လူသားဘဝမှာ မိမိမရလိုက်သည့်၊ မိမိလက်လွှတ်လိုက်ရသည့် ချာတိတ်လေးမို့ ပိုင်ဆိုင်လိုစိတ် ပြင်းပြနေခြင်းဖြစ်သည်။

ဒါ့အပြင် ပြန်တွေ့ချိန်မှာ နွေဦးက မိမိကို ချက်ချင်း ပြန်လက်ခံပြီး မိမိသွေးသားဆန္ဒကို ဖြည့်ဆည်းပေးလျှင် ဒီတောင့်တမှုက ပြေသွားမှာဖြစ်ပေမယ့် ထင်မှတ်မထားစွာဖြင့် နွေဦးမှာ သိပ်ချစ်ရတဲ့ချစ်သူတစ်ယောက် ရှိနေသည့်အပြင် ဒီလူက မှော်ဆရာတစ်ယောက်ဖြစ်နေခဲ့သည်။ သူရကို ပိုခံရခက်သည့်အချက်က နွေဦးရင်ထဲ မိမိ၏ပုံရိပ်တို့ မှေးမှိန်နေခဲ့ပြီး မင်းသတိုးက နွေဦး၏နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း နေရာယူနေခြင်းဖြစ်သည်။ မိမိဘက်က သူ့ကို နှူးနှပ်ကြိုးစားသည့်တိုင် မှော်ဆရာကောင်ကိုသာ သစ္စာရှိရှိ၊ စွဲစွဲမြဲမြဲချစ်နေခြင်းက သူရ၏ပိုင်စိုးလိုစိတ်ကို ပိုလိုချင်လာအောင် ဆွပေးနေသလိုပင်။

"မင်း ကိုယ့်တစ်ယောက်တည်းကိုပဲချစ်ပြီး ကိုယ်ပြန်လာတာကို စောင့်နေသင့်တယ် နွေဦး.. ဒါဆိုရင် ကိုယ်လည်း မင်းကို လိုသလိုသုံးပြီးရင် အခြားကောင်လေးတွေလို လွယ်လွယ်မေ့သွားနိုင်မယ်.. ခုတော့ မင်းလို ဘာမဟုတ်တဲ့ သေမျိုးကောင်လေးက ကိုယ့်လို မူလစွမ်းအင်ပိုင်ရှင်ကို အခြားကောင်နဲ့ပြိုင်လုရတဲ့အဖြစ် ရောက်စေတယ်တဲ့လား.."

သူရက အေးစက်စက်ရယ်လိုက်သည်။ ထိုရယ်သံထဲတွင် တောက်လောင်နေသောရမ္မက်စိတ်နှင့် မပြေနိုင်သည့်အငြိုးတို့ ပါဝင်သည်။

"ဒီည မင်းကိုယ်လေးနဲ့ ငါ့ရဲ့ရမ္မက်စိတ်ကို ကျေနပ်အောင် အသုံးတော်ခံနိုင်မယ်ဆိုရင်တော့ မင်းရဲ့တန်ဖိုးမရှိတဲ့ကိုယ်လေးကို အိပ်ဆောင်ထဲဖြေဖျော်ဖို့ ချမ်းသာပေးလိုက်မယ်.. မဟုတ်ရင်တော့ မင်းရဲ့အသက်ဓာတ်ကို ခမ်းခြောက်အောင် စုပ်ယူလိုက်မယ်.. ငါမရနိုင်တဲ့အရာကို ဘယ်သူမှမရစေရဘူး.. တန်ဖိုးမရှိတဲ့ သေမျိုးကောင်လေးတစ်ယောက် ဖြစ်နေရင်တောင်မှ ငါသုံးပြီးသွားရင် တခြားလူသုံးခွင့် မရစေရဘူး.."

●●●●●

မင်းသတိုးသည် ရတနာဒေဝီကို သူမမိဘများနှင့်အတူ ဖောက်ခွဲပျောက်ကွယ်သွားစေပြီးနောက် တောင်ပင်လယ်တပ်များရှိရာဆီ ပြန်လာပြီး လုပ်ရမည့်တာဝန်များကို ခွဲဝေပေးစဉ် တစ်ချိန်က မိမိ၏လက်အောက်မှ တပ်မှူးတချို့ ရောက်ရှိလာကြသည်။
"အရှင်.. ကျွန်တော်တို့ အရှင့်လက်အောက်မှာ အမှုထမ်းပါရစေ.. လူရဲ့အသက်ဓာတ်ကိုစုပ်ယူပြီး စွမ်းအင်ကျင့်ကြံတဲ့ အောက်လမ်းမှော်ပညာရှင်လက်အောက်မှာ ဘယ်လိုမှ မနေနိုင်တော့ဘူး.."

"ဟုတ်ပါတယ်အရှင်.. မဟာမြိုင်က အခု မကောင်းမှုတို့ကျူးလွန်ရာနေရာ ဖြစ်နေပါပြီ.. နာယကဘိုးဘိုးသုံးဦးတို့ ဂူပိတ်ကျင့်နေတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး.. ဒီလို အရေးပေါ်အခြေအနေမှာတောင် နာယကကြီးသုံးဦး မရှိဘူးဆိုတာ ကျွန်တော်မျိုးတို့ ဘယ်လိုမှ မယုံကြည်နိုင်တော့ဘူး.."

တပ်မှူးနှစ်ဦး၏ လျှောက်တင်စကားကြောင့် မင်းသတိုး၏ကိုယ်မှ မီးလျှံများ ဟုန်းခနဲတောက်လာပြီး ချက်ချင်းပင် မင်းသတိုးက စွမ်းအင်ကိုထိန်းချုပ်ကာ အဖြစ်အပျက်ကို စေ့စပ်စုံလင်စွာ မေးမြန်းလိုက်ကာ အရေးပေါ်ထိုးစစ်ဆင်ဖို့ အမိန့်ချလိုက်သည်။

"ပုလဲဒေဝီ.. ဒီည မောင်ရှင်နဲ့အဇိုင်းတို့ကို မြေအောက်မြစ်ကနေပြီး မဟာမြိုင်ရဲ့ရေအိုင်ကို ဝင်ရောက်ပြီး အထဲကိုထိုးစစ်ဆင်ခိုင်းလိုက်တော့.. စစ်သူကြီးနှစ်ယောက်က ဒီသတင်းကို ကျန်စစ်သူကြီးများသိအောင် ပြောပြပြီး အားလုံးကို အရှေ့ဘက်တောင်တန်းဒေသက တပ်တွေနား အနီးကပ် စောင့်ကြည့်ခိုင်းထားပါ.. သူတို့လှုပ်ရှားတာနဲ့ ချက်ချင်း ပြင်းပြင်းထန်ထန် နှိမ်နင်းစေ.."

"မှန်လှပါ အရှင်.."

မင်းသတိုးသည် ထူအားလားနှင့် ထရမ်ဇွမ်းတို့ရှိရာကို ရုပ်ရွှေ့ပြောင်းသွားပြီး သူတို့နှင့်တွေ့ဆုံကာ လုပ်ရမည့်အစီအစဉ်ကို ရှေ့ဆက်တိုးစေသည်။

"အရှင်သုပညာကို တွေ့အောင်ရှာပါ.. ပြီးရင် အရှင်သုပညာကိုတွေ့ရင် ဒီဂါထာကိုရွတ်လိုက်.."

မင်းသတိုးက ဂါထာတစ်ခုကို ထူအားလားထံ သင်ပေးပြီးနောက် ဂေါက်သီးလုံးခန့်ရှိသော ဖန်လုံးလေးတစ်ခုကိုပေးကာ ပြောလိုက်သည်။

"ဒီဂါထာသံကိုကြားလို့ အရှင်သုပညာရဲ့ မျက်ဝန်းအစုံက စိမ်းတောက်လာမယ်ဆိုရင် ဒီဖန်လုံးကို ဖောက်ခွဲလိုက်.. ဒီထဲကစွမ်းအင်က မင်းကို ဘေးကင်းရာကို ပြောင်းရွှေ့ပေးလိမ့်မယ်.."

"အရှင်သုပညာက ညှို့ချက်မိနေတယ်လို့ အရှင်ထင်နေတာလား.."

ထူအားလားက ပါးနပ်စွာဖြင့် ပြန်မေးလာသဖြင့် မင်းသတိုးက ခေါင်းယမ်းလိုက်ကာ ပြောလိုက်သည်။

"ဒီ့ထက်ဆိုးဖို့များတယ်.. ဝိညာဉ်လုခံထားရဖို့ များတယ်.. ဒါကြောင့် သေချာဂရုစိုက်ပါ.."

"ကောင်းပါပြီ အရှင်.. အရှင့်အမိန့်တိုင်း အတိအကျ ဆောင်ရွက်ပါ့မယ်.."

ထူအားလားထွက်သွားသည့်ဘက်ကို ကြည့်ပြီး ထရမ်ဇွမ်းက စိုးရိမ်စွာမေးလိုက်သည်။

"ထူအားလားတစ်ယောက်တည်း ဖြစ်ပါ့မလား အရှင်.. ကျွန်တော် သူ့ကို သွားကူပါရစေ.."

"မရဘူး.. အရှင်သုပညာရှိတဲ့နေရာမှာ အအေးလှိုင်းစွမ်းအားနဲ့ ကာရံထားတယ်.. တကယ်လို့ မင်းဝင်သွားရင် အားလုံးကိုသတိပေးပြီးသား ဖြစ်သွားလိမ့်မယ်.. မင်းက ရူပကလျာဏီကို တိတ်တဆိတ်စောင့်ကြည့်ပါ.. သူနဲ့အတူ မျက်နှာစိမ်းမှော်ဆရာတစ်ယောက်ကို တွေ့ရင် ဒီစွမ်းအင်လုံးနဲ့ မှော်ဆရာရှိရာကို ပစ်လွှတ်လိုက်ပြီး မင်းရဲ့စွမ်းအင်ကို အသက်သွင်းပြီး ဒီမှော်ဆရာကို အစွမ်းကုန်တိုက်ခိုက်ပါ.."

"ရူပကလျာဏီက ကျွန်တော့်ကိုတိုက်ခိုက်လာရင် ကျွန်တော်ခံနိုင်မှာမဟုတ်ဘူး.."

"မပူနဲ့.. မင်းကိုကူညီဖို့ မောင်ရှင်နဲ့အဇိုင်းတို့ ရောက်လာလိမ့်မယ်.. မင်းပစ်လိုက်တဲ့ မှော်စွမ်းအင်ကြောင့် မျက်နှာစိမ်းမှော်ဆရာက ဘယ်သူ့ရုပ်ပုံ ပြောင်းသွားပါစေ တစ်စက်မှတုံ့ဆိုင်းခြင်းမရှိစေနဲ့.. ဘာကြောင့်လဲဆိုတော့ သူတို့က တစ်ဖက်လူရဲ့ရင်ထဲက အချစ်ရဆုံးလူရဲ့ပုံကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ မှော်ပညာကို ကျင့်ကြံထားတဲ့ အောက်လမ်းမှော်ဆရာတွေဖြစ်လို့ပဲ.."

ထရမ်ဇွမ်းက ထိုစကားကိုကြားသော် ပါးစပ်အဟောင်းသား ဖြစ်သွားပေမယ့် ရိုးသားကာ သစ္စာစောင့်သိသူပီပီ မင်းသတိုး၏အမိန့်ကို အတိအကျ လိုက်နာမည်ဟုပြောကာ ထွက်ခွာသွားတော့သည်။

မင်းသတိုးသည် သွေးနီရောင် မှော်စွမ်းအင်လုံးတစ်ခုကို မြိုချကာ မိမိကိုယ်ထဲကစွမ်းအင်ကို မြှင့်တင်ပြီးနောက် မဟာမြိုင်အဆောင်ရှိရာကို ရုပ်ရွှေ့ပြောင်းလိုက်တော့သည်။ ဒီမီးစွမ်းအင်ဓာတ်လုံးက မဟာမြိုင်ရဲ့အတားအဆီးကို ချိုးဖောက်နိုင်လောက်အောင် ကြီးမားသည့်စွမ်းအားကို ထုတ်လွှတ်ပေးဖို့ လုံလောက်ပါသည်။
===================

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Där berättelser lever. Upptäck nu