သန်းခေါင်ယံ ချစ်သူSeason - 2Episode (17)

4.2K 433 23
                                    


သန်းခေါင်ယံ ချစ်သူ

Season - 2
Episode (17)


သူရသည် သက်ပြင်းကိုချပြီး နွေဦးကို ကုသပေးရန် မင်းသတိုး အကောင်းဆုံးလုပ်ပေးနိုင်ဖို့ပဲ ဆုတောင်းနေရသည်။ လူသားတို့ နယ်ပယ် ဖြစ်လျှင် မိမိ အစွမ်းကုန်အားထုတ်ပြီး နွေဦးကို လုပ်ပေးမည်ဖြစ်သော်လည်း ယခုရောက်နေသည့် မှော်ကဝေနယ်ပယ်ဖြစ် သောကြောင့် မိမိ ငြိမ်ပြီးသာနေရတော့သည်။ လူကငြိမ်နေသော်လည်း စိတ်က မုန်တိုင်းထန်သည့် ပင်လယ်ပြင်လို လှုပ်ရှားလို့နေသည်။ မိမိချစ်သည့်သူ သေရေးရှင်ရေးဖြစ်နေသည်ကို ဘာမှလုပ်မပေးနိုင်ပဲ ထိုင်ကြည့်နေရသည့် အပြင် မိမိပြိုင်ဖက်က အရာအားလုံးကို စွန့်လွှတ်ပြီး ကယ်တင်နေသည်ကို တွေ့နေရသည့်အဖြစ်က ယောကျာ်းတစ်ယောက်အတွက် ဘယ်လောက်တောင် ခံရခက်သည်ကို ကြုံဖူးသူတိုင်းမှ သိပါလိမ့်မည်။

ယှဉ်ပြိုင်ရန် မလိုသည့်အရာများထဲတွင် ချစ်ခြင်းမေတ္တာလည်းပါသည်။ လူတယောက်နှင့် တယောက် မွေးဖွားကြီးပြင်းလာပုံ မတူသည့် အတွက် လူတိုင်း အချစ်ကိုပေးသည့်ပုံစံ၊ အချစ်ကို ဖော်ပြသည့် ပုံစံလည်း မတူနိုင်ပေ။ မိမိအတ္တကိုကျော်လွန်ပြီး ကိုယ်မြတ်နိုး သည့် သူကို ဘယ်လောက်ပေးဆပ်ပြီး ချစ်ပေးနိုင်သလဲ ဆိုသည့်အချက်ဖြင့် ချစ်ခြင်းတခုကို တိုင်းတာနိုင်သည်ဟု သူရ ယုံကြည်သည်။ ချစ်သည်ဆိုသည့် စကားကို လူတိုင်း ပိုက်ဆံပေးစရာမလိုတိုင်း နူတ်ဖျားမှ ပေါ့ပေါ့ပြောနေကြသည်ကို တွေ့တိုင်း သူရ သနားမိသည်။ ချစ်သည်ဆိုသည်ကို တကယ်ကော နားလည်ရဲ့လားဟု စဉ်းစားမိသည်။ ချစ်ခြင်းတရားဟူသည် အကျိုးကိုလိုလားခြင်းကို အခြေခံသည်။ သူတပါး၏ အကျိုးကိုလိုလားပြီး ကောင်းရာ ကောင်းကျိုးဖြစ်စေရန် လုပ်ဆောင်ပေးခြင်း။ ပိုင်ဆိုင်ရသည့်အချိန်တွင် ပျော်ရွှင်ပြီး ကွဲကွာ ချိန်တွင် နှလုံးပူပန်ပြီး ငိုကြွေးရလျှင်၊ လက်လွှတ်ဆုံးရှုံးရမည် စိုးရိမ်ြပီး သောကနှင့် မျက်ရည်ကျခြင်းကို အချစ်ဟု သူရ မယူဆပါ။

ပိုင်ဆိုင်ရသည်ဖြစ်စေ၊ မပိုင်ဆိုင်ရသည်ဖြစ်စေ အချစ်တခုက ပြောင်းလဲခြင်းမရှိမှ အချစ်မည်သည်။ နီးကပ်သည်ဖြစ်စေ၊ ဝေးကွာသည် ဖြစ်စေ ခံစားချက်တို့ မပြောင်းလဲမှ ချစ်ခြင်းမည်သည်။ နွေဦးအပေါ် မိမိထားသည့် အချစ်သည် ပိုင်ဆိုင်လိုသည့် လောဘ ကင်းသည်။ လက်လွှတ်ရမည်ကို စိုးသည့် သောကကင်းသည်။ နီးခြင်း၊ ဝေးခြင်း အချိန်၏ နှောက်ယှက်မှုကင်းသည်။ မည်သည့်အချိန်၊ မည်သည့်နေရာတွင် ပြန်တွေ့ပါစေ။ မည်သူ၏ချစ်သူအဖြစ် ပြန်တွေ့ပါစေ။ နွေဦးကို မိမိချစ်သည့် စိတ်က ရွေးစေ့တစေ့မှ မပြောင်းလဲပါ။ နွေဦးအပေါ် မိမိအရမ်းတွယ်ငြိသွားမည်ကို စိုးရိမ်ပြီး ထွက်ပြေးခဲ့ဖူးသည်။ ပြေးရင်းနှင့် မိမိအမှားကို မြင်လာသည်။ မိမိကိုယ်တိုင် 'ပညာရှိ သတိဖြစ်ခဲ'ဖြင့် အမှားကြီးကို ကျူးလွန်ခဲ့မိသည်။ ယခု သူရ ပြန်လာခဲ့သည်က တပည့်လည်းဖြစ်၊ ချစ်သူလည်းဖြစ်ခဲ့ဖူးသည့် လူငယ်လေးကို မှားယွင်းသည့် ချစ်ခြင်းကို ပြန်လည်ပြင်ဆင်ပေးချင်သောကြောင့်ဖြစ်သည်။ အချစ်ဆိုတာ နာကျင်ခြင်းရယ်လို့ သူ့စိတ်ထဲ မှတ်ယူ မသွားစေချင်ပါ။

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Where stories live. Discover now