
9.2K 608 2
                                    


သန်းခေါင်ယံ ချစ်သူ

Season - 2
Episode (2)

မနက် နွေဦးအလုပ်သွားရမည်ဖြစ်လို့ စောစောအိပ်ချင်သော်လည်း သူက ညလာအုံးမည်ဆိုတော့ ရုပ်ရှင်ကြည့်ရင်း စောင့်နေလိုက်သည်။ တဖြည်းဖြည်းနှင့် ညနက်လာခဲ့သည်။ နွေဦး ကြုံတွေ့ခဲ့ရတာ အရမ်းများနေပြီ။ မောလည်းမောလှပြီ။ ညကားနှင့် သူရှိရာသို့ ချက်ချင်းသွားခဲ့သည်။ ကားပေါ်တွင် စိတ်ပူသောကြောင့် တညလုံး အိပ်မပျော်ခဲ့ပါ။ ထို့ပြင် သူနှင့် တွေ့ပြီး မိမိတို့ နှစ်ဦး ကြုံခဲ့ရသည်က စမ်းသပ်ပွဲဆိုတာ သိရတော့ သူတို့မဟာမြိုင် မှော်လောကို လိုက်သွားရပြန်သည်။

သူ၏ ခေါင်းဆောင်အကြီးကဲနေရာ ဆက်ခံပွဲကို ကိုယ်တွေ့မျက်မြင် မြင်ခဲ့ရသည်။ ကြည်နူးခဲ့ရသည်။ ချစ်သောသူအတွက် သူ အထွတ်ထိပ်ကို ရောက်အောင်သွားပြီး သရဖူရယူနေသည့် မြင်ကွင်းက နွေဦးအတွက် ကြည့်လို့ မဝနိုင်သော မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။ ဘာကြောင့်လဲဆိုတော့ မင်းသတိုးကို မိမိချစ်သောကြောင့်ဖြစ်သည်။

သို့သော် မိမိ နှင့် မသက်ဆိုင်သော လောကတစ်ခုဖြစ်သောကြောင့် လူတချို့၏ အထင်သေးသော အကြည့်များကို အောင့်သက်သက်နှင့် မသိချင်ယောင်ဆောင်ခဲ့ရသည်။ မှော်ပညာ တတ်မြောက်ထားသည့် မှော်ဆရာတချို့က မိမိကို အရိုးထဲထိအောင် ခါးသီးစွာ အထင်သေးမုန်းတီးနေသည်ကို ခံစားလိုက်ရသည်။ သို့သော် နွေဦး သိပ်တော့ ခေါင်းထဲ မထည့်ပါ။ ဘာကြောင့်လဲဆိုတော့ သူ့လောကကို မိမိ လာရောက်ပတ်သတ်မည် မဟုတ်သောကြောင့်ပင်။ ဝင်ရောက်ပတ်သတ်စရာ လည်းမလိုဘူးဟု ထင်သည်။

လူသားတစ်ယောက်က မှော်လောကထဲကို ဝင်ရောက်နေဖို့ မည်မျှခက်ခဲမည်ကို မိမိကောင်းစွာသိပါသည်။ ယခုကြည့်။ သူတို့လောကထဲ မိမိရောက်နေသည်ကိုကြည့်ပြီး မိမိကို မုန်းတီးရွံရှာနေသည့် ခေတ်အဆက်ဆက်မှ မှော်ဆရာများကို အံ့သြမိသည်။ မိမိက သူ အတင်းခေါ်လို့သာ လိုက်ခဲ့ရသည်။ ရှင်းရှင်းပြောလျှင် ရှုပ်ထွေးသည့် သူတို့လောကကို မပတ်သတ်ချင်ပါ။

မိမိက ဆရာဝန်တစ်ယောက်ပါ။ အရာရာကို မှော်ပညာမပါပဲ သင်ထားသည့် ပညာကို အခြေခံပြီး ဆင်ခြင်ပိုင်းခြား ဉာဏ်ဖြင့် အသက်များစွာကို သေမင်းလက်မှ လုနေသည့် ဆရာဝန်တစ်ယောက်ပါ။ လက်တစ်ချက်ယမ်းရုံနှင့် ရောဂါးကို ပျောက်စေအောင် လုပ်တာမျိုးမဟုတ်ပဲ စိတ်ရော ကိုယ်ပါ နှစ်မြှုပ်ပြီး အသက်ကယ်ပေးကာ၊ ရောဂါပျောက်အောင် ကုပေးနေသူပါ။ ဒါကို လက်တစ်ချက်ယမ်းရုံနှင့် အရာရာကို ပျောက်အောင် လုပ်ပေးနေသည့် မှော်ဆရာများ နားလည်နိုင်မည်လို့ လည်း မမျှော်လင့်ထားပါ။

"အကြည့်.... အထင်သေးသည့် အကြည့်..ခွဲခြားသည့် အကြည့်... ရွံရှာသည် အကြည့်...."

နွေဦး သက်ပြင်းကိုမှုတ်ထုတ်ကာ မျက်နှာကို လက်ဝါးနှင့် အုပ်ကာ အိပ်ယာထက်ကို နောက်ပြန်လှဲချလိုက်သည်။ ထိုအကြည့်များကို မကြုံချင်တော့ပါ။ ငယ်စဉ်ကတည်းက ဘာကြောင့်ရယ်မသိ။ မိမိကို ဒီလို ခွဲခြားကာကြည့်ခဲ့သည်ကို ကြုံခဲ့ရသည်။ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း၊ နောက်ဆုံး ဆေးကျောင်း..... ယုတ်စွအဆုံး အလုပ်ခွင်ထဲရောက်သည့်တိုင် တချို့ အစ်မများ၏ သူုတို့ကို မဖားသည့်သူကို ခွဲခြားကြည့်သည့် အကြည့်။ ထိုအကြည့်များကို ပြန်သတိရပြီး နွေဦး သက်ပြင်းရှိုက်လိုက်သည်။

"ဘယ်တော့မှ ပြီးဆုံးမှာလဲ...."

စိတ်မှတ်မဲ့ဖြင့် နွေဦး ရေရွတ်လိုက်မိသည်။ ဟုတ်သည်။ ဘယ်တော့မှ သူလိုငါလို ထူးမခြားနားသည့် အကြည့်နှင့် မိမိကို သတိမထားပဲ ကြည့်ကြမည်နည်း။ ထိုအကြည့်များစွာကို မျက်လုံးထဲ ပြန်မြင်လာခဲ့သည်။ နွေဦးပင်ပန်းလာသည်။ မောပန်း လာသည်။ မကြုံချင်တော့ပါ။ သာမန် သူလိုငါလိုပဲ နေချင်တော့သည်။

"ကလေးလေး....."

သူ့အသံကို ကြားလိုက်ခြင်းနှင့်အတူ မိမိကို ပွေ့ဖက်ရင်းသူပေါ်လာခဲ့သည်။ နွေဦး မျက်နှာကို အုပ်ထားသည့် လက်ကို မဖယ်ပစ်လိုက်ပါ။ လောလောဆည် သူ့မျက်နှာကိုလည်း မမြင်ချင်သေးပါ။ သူ့လောကမှ လူတွေကြောင့် မိမိ၏ ဝေဒနာများ အဟောင်းက အသစ်ဖြစ်ရသည်။

"ကလေးလေး.... ဘာကြောင့် အရေးမပါတဲ့လူတွေကြောင့် ကိုယ့်စိတ်ကို အညစ်နွမ်းခံနေရတာလဲကွာ..."

မိမိစကားမပြန်သောကြောင့် သူက မိမိ လက်ကို ဆွဲခွာလိုက်သည်။ နွေဦး မျက်လုံးမှိတ်ထားလိုက်သည်။ သူက နူတ်ခမ်းကို လာနမ်းသည်။ နွေဦး နူတ်ခမ်းကို တင်းတင်းစေ့ထားသည်။ လာမနမ်းနှင့်။ ယခု ထိုသို့စိတ်အခြေနေ မဟုတ်သေးပါ။ သူ့အထိတွေ့ကို မခံချင်သေးပါ။ သူ့ကိုချစ်ခဲ့မိလို့ မိမိ ဒီလို မဆို်င်သည့် လောကမှ လူများ၏ စော်ကားသည့်အ ကြည့်ကိုခံလိုက်ရသည် ဟု တွေးလိုက်မိသည်။

မင်းသတိုးသည် နွေဦး၏ အတွေးကြောင့် စိတ်မကောင်းဖြစ်သွားသည်။ နွေဦး၏ ပါးပြင်ကို ဖွဖွနမ်းကာ သူ့ကို ဖက်ပြီး ဘေးတွင်လှဲလိုက်သည်။ နွေဦးကို ကလေးလေးလို ရင်ခွင်ထဲ ဖက်ထားလိုက်သည်။ ဘာစကားမှ မပြောပဲ နွေဦး၏ ခံစားချက်ကို ကူးယူခံစားနေသည်။

"ကလေးလေး... အရမ်းပင်ပန်းနေပြီ။ အိပ်လိုက်တော့နော်။ "

သူ့စကားသံအဆုံး နွေဦး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။ အိပ်မက်ပင် မမက်နိုင်အောင်ကို အိပ်ပျော်သွားခဲ့သည်။

"ကလေးလေး အိပ်ယာကထတော့..."

"အင်း.... မထချင်သေးဘူး။"

"ကလေး ဒီနေ့ ဆေးရုံမှာ အလုပ်များတဲ့နေ့မလား။ ကလေးပြန်လာမယ့်ရက်ကို ကလေးရဲ့ အကိုဇော်က မျှော်နေတာ။ သူလည်း ပင်ပန်းလှပြီ။ "

သူ့စကားကြောင့် နွေဦး ဝုန်းခနဲထလိုက်သည်။ ဟုတ်သားပဲ။ အကိုဇော်က မိမိ ခွင့်ယူထားသည့်ရက်များတွင် တောက်လျောက် ဂျူတီဆင်းရမည်။ ပင်ပန်းမှာ သေချာသည်။ ထို့ကြောင့် ချက်ချင်းအိပ်ယာထက်မှ လူးလဲထကာ ရေချိုးပြီး ပြေးဟန်ပြင်လိုက်စဉ် မင်းသတိုးက ရယ်မောကာ ဆွဲယူလိုက်သဖြင့် သူ့ရင်ခွင်ထဲ လဲကျသွားခဲ့သည်။

"ခင်ဗျား...ဖယ်စမ်းပါ။ ဆေးရုံနောက်ကျတော့မယ်။ "

"ခုနက ပြန်အိပ်အုံးမယ်ဆို။"

"ကျွန်တော်မေ့နေလို့။ လွှတ်တော့ဗျာ။ အလုပ်နောက် မကျချင်ဘူး။"

နွေဦး စိတ်မရှည်စွာဖြင့် ခပ်ဆတ်ဆတ်ပြောလိုက်သည်။ မင်းသတိုးက နွေဦးကို ဖြေလျော့ကာ လွှတ်ပေးလိုက်သည်။ နွေဦး ရေချိုးခန်းဝင်စဉ် သူကြိုက်တတ်သည့်စားစရာများကို ဖန်ဆင်းပေးထားလိုက်ပြီး စောင့်နေစဉ် မေဘရဏီ၏ သတင်းပို့ချက်ဝင် လာခဲ့သည်။

"အရှင်... အရီးတော် ရူပကလျာဏီကို ခုံရုံးတင် စစ်ဆေးပါတော့မယ်။ ဘိုးဘိုးတို့ အရှင့်ကို စောင့်နေပါတယ်။"

မင်းသတိုး သက်ပြင်းရှိုက်ကာ နွေဦးကို စာတစ်စောင်ရေးထားပြီး မဟာမြိုင်တောကို ပြန်လာခဲ့သည်။

"ကလေးလေး

မနက်စာ သေချာစားနော်။ စားချိန်မရရင် ဆေးရုံကိုယူသွား။ ကျုပ် သွားနှင့်ပြီ။

မင်းသတိုး"

မင်းသတိုး မဟာမြိုင်သို့ရောက်သေ်ာ လွှတ်တော်ကိုတန်းလာခဲ့သည်။ မေဘရဏီက အဝင်ဝတွင် စောင့်ကာ မင်းသတိုးကို ဝတ်ရုံကမ်းပေးလိုက်သည်။ လွှတ်တော်တွင် တရားစီရင်လျှင် ဝတ်ရုံမည်းကို လူတိုင်းခြုံလွှမ်းရသည်။ မင်းသတိုး၏ ဝတ်ရုံသည် အနက်ရောင်တွင် ရွှေရောင် ကွပ်ထားသည့် ဝတ်ရုံဖြစ်သည်။

လွှတ်တော်ထဲကို ဝင်လိုက်သည်နှင့် အားလုံးက ထရပ်ကာ အရိုသေပေးကြသည်။ မှော်လောက၏ တရားစီရင်ရေးတွင် အဓိက အရေးပါသည့် ဦးဆောင်သူလာခဲ့သောကြောင့် အရိုသေပေးသောအားဖြင့် ထရပ်ကြခြင်းဖြစ်သည်။ မိမိထိုင်ခုံ၏ နောက် ပိုမြင့်သည့် နေရာတွင် ဘိုးဘိုးတို့သုံးဦး၏ ထိုင်ခံရှိသည်။ ဘိုးဘိုးတို့က အဖြူရောင် ဝတ်ရုံရှည်ကို လွှမ်းခြုံထားသည်။

မင်းသတိုးသည် ဘိုးဘိုးတို့ကို အရိုသေပြုပြီး ထိုင်ခုံတွင် ထိုင်လိုက်မှ အားလုံးက ထိုင်ခံတွင် ထိုင်ကြသည်။ မင်းသတိုး ခေါင်းငြိမ့်လိုက်တော့ သံတော်ဆင့်က ကြေငြာသည်။

"မှော်လောက တရားစီရင်ရေး စတင်တော့မည်။ တရားခံ အရီးတော် ရူပကလျာဏီကို ခေါ်ဆောင်လာစေ..."

အရီးတော် ကလျာဏီသည် မှော်လောကမှ လက်မရွံ့လက်ရွေးစင် စစ်သည်များ၏ စောင့်ကြပ်မှုဖြင့် တရားခွင်ကို ရောက်လာခဲ့သည်။ သူမ၏ မျက်နှာက မာန်လုံး၀ မလျော့သေးပေ။ မင်းသတိုးကို အခဲမကျေစွာဖြင့် စူးစူးရဲရဲကြည့်နေခဲ့သည်။ မင်းသတိုးသည် သက်ပြင်းကို ခိုးရှိုက်ကာ မလုပ်ချင်သည့် အလုပ်ကို လုပ်ရဦးမည်ကို တွေးကာ ရင်လေးနေမိသည်။

-------------------------------------------------------------------------------------------------------

နွေဦးရေချိုးပြီး အပေါ်ကို တက်လာတော့ သူမရှိတော့ပေ။ သူ့လက်ရေးနှင့် စာတစ်စောင်ချန်ထားသည်ကိုကြည့်ပြီး သူချန်ထားသည့် မနက်စာဘူးကိုယူကာ ဆေးရုံကိုပြေးလာခဲ့သည်။

"အကိုဇော်..."

"မင်းပြန်ရောက်ပြီလား။ မြန်လိုက်တာ။"

"ဟုတ် အကိုဇော်။ အကို မနက်စာ စားပြီးပြီလား။"

"မစားရသေးဘူး။ လောလောနဲ့ထွက်လာတာ။ ညက ညဉ့်နက်မှ ပြန်သွားတော့ မနက် စောမထနိုင်ဘူးလေ။ မင်းရော။"

"မစားရသေးဘူး။ အတူစားရအောင်ဗျာ။ ကျွန်တော်ယူလာတယ်.။"

"အေး..ငါလည်း ဝယ်လာတယ်။ အတူတူစားကြတာပေါ့။"

နွေဦး အကိုဇော်နှင့် အတူမနက်စာ စားနေစဉ် မမနွယ်ဝင်လာသည်။

"နွေဦးပြန်ရောက်ပြီလား။ "

"ဟုတ် မမနွယ်။ မမ စားပါဦးဗျ။"

"စားတော့။ မမ အိမ်က စားခဲ့ပြီ။"

ဒီလိုနှင့် တနေ့တာ လုပ်ငန်းစတင်ခဲ့လေပြီ။ နွေဦးလည်း များပြားလှသည့် တာဝန်များကြား နစ်မြှုပ်သွားပြီး ကဝေကြီး မင်းသတိုးကိုပင် မေ့သွားခဲ့သည်။ ခါတိုင်းလို သူ့ထံမှ စကားလှမ်းပြောတာ မကြားရသဖြင့် အနည်းငယ်ထူးဆန်းနေသည်။ နွေဦး ပုခုံးတွန့်လိုက်ကာ နေ့လည်စာကို လာပို့သည့်ချိုင့်ကိုဖွင့်ကာ စားလိုက်သည်။

"မေက နေ့လည်စာ လာပို့မယ် ပြောပြီး မေ့နေတယ်ထင်တယ်။ အင်း... ဆိုင်ကပဲ သွားဝယ်ရတော့မှာပဲ။

ဖုန်းလည်းပိတ်ထားတယ်။ အလုပ် အရေးကြီးနေလို့ထင်တယ်။"

အကိုဇော်က နွေဦးကို လှမ်းပြောကာ နေ့လည်စာ ဝယ်ရန်ထွက်သွားသဖြင့် နွေဦးလည်း မင်းသတိုးတို့ လောက ဘာအလုပ်များနေသလဲဟု တွေးလိုက်မိသည်။ အင်း ... သေချာတာတော့ သူတို့ ဆရာတပည့် မိမိတို့ကို လာမတွေ့နိုင်လောက်အောင် အလုပ်များနေသည်ထင်သည်။ နွေဦး ထမင်းကို အမြန်စားလိုက်သည်။ ပြီးလျှင် OPD ကိုပြေးရအုံးမည် မဟုတ်လား။

--------------------------------------------------------------------------

"လူသားတစ်ဦးကို မှော်ပညာဖြင့် ထိခိုက်အောင် လုပ်ဆောင်ခြင်း၊ မှော်ပညာကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးအတွက် အကောက်ကြံသည့် ပြစ်မှုအတွက် တရားခံ ရူပကလျာဏီ မည်သို့လျှောက်လဲချင်ပါသလဲ။"

"ကျွန်မက မှော်လောက သန့်စင်ဖို့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ စစ်မှန်တဲ့ မှော်ခေါင်းဆောင်တစ်ဦး ပေါ်ပေါက်လာဖို့ ဒါကို လုပ်ဆောင်ရခြင်းဖြစ်ပါတယ.်။ ဒီအတွက် ကျွန်မမှာ အပြစ်မရှိပါ။"

"စစ်မှန်တဲ့ မှော်ခေါင်းဆောင်ဆိုတာ ဘာကို ဆိုလိုတာလဲ ရူပကလျာဏီ။ မင်းသတိုးကို မင်းစွပ်စွဲလိုက်တာလား။"

နာယက ဘိုးဘိုး၏ အမေးကို ရူကလျာဏီ စိုက်ကြည့်ကာ ဖြေလိုက်သည်။

"မှန်ပါတယ် ဘိုးဘိုး။ မင်းသတိုးက လူသားတစ်ဦးနဲ့ သွေးနှောပြီး လူသားလောကမှာ သွားလာမှုများနေပါတယ်။ ခေါင်းဆောင်တစ်ဦးရဲ့ တာဝန်ကို သွေဖီလို့ ကျွန်မက သူ့ကို လမ်းမှန်ကို တည့်ပေးဖို့လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။"

ရူပကလျာဏီ၏ စကားကြောင့် အားလုံး ဆူညံလာကြသည်။ ကန့်ကွက်သည့်လူနှင့် ထောက်ခံသည့်လူနှင့် ခန်းမထဲ စကားသံတို့ ဆူလာခဲ့သည်။ မင်းသတိုးက အားလုံးကို တည်ငြိမ်စွာစိုက်ကြည့်နေလိုက်သည်။

ရူကလျာဏီက မင်းသတိုးကို မခိုးမခန့်ကြည့်ကာ ပြုံးလိုက်သည်။

"မင်း ငယ်ပါသေးတယ် မင်းသတိုးရယ်။ မင်း ငါ့လက်က မလွှတ်စေရပါဘူး။ "

မင်းသတိုးသည် ရူပကလျာဏီ ၏ အပြုံးကို တည်တည်ငြိမ်ငြိမ်ပြန်ကြည့်လိုက်သော်လည်း သွေးကြောထဲ ဒေါသတို့ စတင်ဆူပွက်လာသည်ကို ခံစားမိလိုက်သည်။ အရီးတော် ရူပကလျာဏီ အသက်ရှင်နေသရွေ့ မိမိ ကောင်းစွာ မနေရဖို့ သေချာသလောက်ရှိနေပြီ။ မင်းသတိုးသည် သူမကို သွေးအေးစွာကြည့်နေလိုက်သည်။ သွေးဆူခြင်းသည် ရန်သူကိုလက်နက်ပေးလိုက်သည်နှင့် အတူတူဖြစ်သည်။




သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Where stories live. Discover now