Season - 2Episode (8) (zawgyi+Unicode)

5.1K 452 21
                                    


သန်းခေါင်ယံ ချစ်သူ

Season - 2
Episode (8)

မောင်ရှင်သည် ရေကသိုဏ်းကိုဝင်စားပြီးနောက် မိမိတို့ပိုင်နက်ပင်လယ်ပြင်၏ အနက်ရှိုင်းဆုံးနေရာများကို သွားကာ စနည်းနာသည်။ ပင်လယ်နှစ်ချို့လိပ်ကြီးများကိုဆင့်ခေါ်ကာ ထူးခြားသည့်အခြေနေရှိမရှိကိုမေးမြန်းသည်။ သို့သော် ပင်လယ်လိပ်ကြီးများက အိပ်စက်နေသည့်အချိန်ကများနေသဖြင့် သူတို့ဆီက ဘာသတင်းမှမရပေ။ မောင်ရှင်စိတ်မလျှော့ပါ။ ငါးမန်းဝမ်းဖြူကြီးများကိုလည်းမေးသည်။ ဒီကောင်တွေက အစားငမ်းဖို့ကလွဲပြီး ပတ်ဝန်းကျင်စူးစမ်းမှုအားနည်းသဖြင့် သတင်းဟုတ်တိပတ်တိမရပေ။

ဘင်္ဂလားပင်လယ်ပြင်တခွင်တွင် နှံ့နေသော်လည်း သွေးသောက်ကမာ၏ သတင်းကိုမရသဖြင့် တောင်ပိုင်းပင်လယ်ဘက်ကို လှည့်ရပြန်သည်။ ပုလဲဒေ၀ီထံ အချိန်တပတ်တောင်းထားသဖြင့် မောင်ရှင်အတွက်အချိန်က အရေးကြီးလှသည်။ သွေးသောက်ပုလဲ ပုန်းမည်ဆိုလျှင် သူ့မျိုးတူကမာကောင်တို့ ပျော်စံရာတောင်ပိုင်းကျွန်းများတွင်ဖြစ်ဖို့ များသည်ကို တွေးမိကာ စိတ်ညစ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် တောင်ပိုင်းဒေသတွင် ကျွန်းများစွာရှိပြီး ကမာများစွာ ပေါက်ဖွားနေထိုင်သဖြင့် သွေးသောက်ပုလဲက မည်သည့်နေရာတွင်မဆိုပုန်းနေနိုင်သည်။ ထိုဒေသအားလုံး မြေလှန်ဖို့ကလည်း အချိန်သုံးလလောက်လိုသည်။ ယခုတောင် ပုလဲဒေ၀ီပေးထားသည့်အချိန်တပတ်က သုံးရက်ကုန်သွားပြီဖြစ်လို့ မောင်ရှင်၏ စိုးရိမ်မှုပိုတိုးလာခဲ့သည်။

ကျွန်းနေလူမျိုးတို့ကိုချည်းကပ်ကာ မေးမြန်းရန်အကြံဖြင့် နတ်သမီးကျွန်းတွင် မောင်ရှင်ရေပေါ်ကိုတက်လာခဲ့သည်။ ထိုနေ့က လပြည့်နေ့ဖြစ်သည်။ ရေပြင်မှမောင်ရှင်ပေါ်လာပြီးကမ်းပေါ်တက်လာသည်ကို ကျွန်းပေါ်မှ တစ်စုံတစ်ယောက်က စောင့်ကြည့်နေသည်ကို မောင်ရှင်သတိမထားလိုက်မိပါ။ ပုံမှန်ဆိုလျှင် မောင်ရှင်၏အာရုံစူးစိုက်မှုအောက်တွင် သက်ရှိတစ်ဦး၏ အသက်ရှုသံကိုချက်ချင်းကြားမည်ဖြစ်သော်လည်း ယခုတော့ ညီငယ်အဇိုင်းကို ကယ်တင်ရန် စိတ်လောနေသဖြင့် လပြည့်ညသန်းခေါင်ယံတွင် မိမိကိုချောင်းမြောင်းနေသူကို မသိလိုက်ပါ။ မောင်ရှင်သည် လရောင်ဖြာသည့်ကမ်းခြေအတိုင်း လျှောက်ပြီးနောက် ရွာပြင်ရှိ တဲကြီးတစ်တဲရှိရာကို ဦးတည်သွားပြီးအထဲကိုဝင်သွားလိုက်သည်။

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Where stories live. Discover now