Chapter (44) ( Zawgyi+Unicode)

Comincia dall'inizio
                                    

Chapter (44)
မင်းသတိုးသည် မိမိကို တင်းကျပ်အောင် သိုင်းဖက်ထားသည့် ရတနာဒေဝီကို တွေ့သော် မျက်ဝန်းက အနက်ရောင် ရင့်ရင့်ဖြစ်လာပြီး လူသတ်လိုရိပ်တို့ ပြင်းထန်လာတော့သည်။ ရတနာဒေဝီဖက်ထားသည့် လက်အစုံမှ ရုန်းကန်ခြင်းတို့ရပ်သွားပြီး တိုးတိုးညှင်းညှင်းရယ်မောလိုက်သည်။ ရတနာဒေဝီက ထိုရယ်သံကိုကြားသော် ထူးဆန်းနေသဖြင့် မော့ကြည့်လိုက်သည်။ မင်းသတိုး၏ မျက်ဝန်းတစုံက နက်ပြောင်နေသဖြင့် အံ့အားသင့်ကာ ထိတ်လန့်သွားသည်။ တကယ်ဆိုရင် မိုးနတ်ဆိုး လွှမ်းမိုးခံရသူ၏ မျက်ဝန်းက နီရဲနေရမည် မဟုတ်လား။ အခုတော့ မျက်သားအဖြူနှင့် အနက်က မပြောင်းလဲပဲ သာမာန်လူအတိုင်း ဖြစ်နေပေမယ့် မျက်ဝန်းနက်ထဲက ထွက်လာသည့် လူသတ်လိုရိပ်၊ ရက်စက်ရိပ်က မီးနတ်ဆိုးထက်ကို ပြင်းထန်သည့် အရှိန်ဝါတို့ အပြည့်ရှိနေသည်ကို ခံစားမိလိုက်သော် တခုခုမှားနေပြီဆိုတာ ချက်ချင်းသိလိုက်သည်။

"အမောင်...ရှင်... ဒါ... ဘယ်လိုဖြစ်တာလဲ။ ရှင်က မီးနတ်ဆိုး လွှမ်းမိုးခံနေရတာဆို...."
"မီးနတ်ဆိုးက ကျုပ်ကို လွှမ်းမိုးနိုင်တဲ့ အစွမ်းရှိမယ်ထင်နေတာလား ရတနာဒေဝီ... ကြည့်ရတာ တောင်ပေါ်မှာ နေတာကြာသွားတော့ ကျုပ်ရဲ့ မူလစွမ်းအင်က ဘာဆိုတာ မေ့သွားပုံရတယ်... မင်းက ကျုပ်သိထားတဲ့ မိန်းကလေး မဟုတ်တော့သလို ပြောင်းလဲသွားတယ်။ မင်းက ပိုတော်မလာပဲ ပိုညံ့လာပါလား။ ဦးရီးတော်သာ သိရင် ဘယ်လောက် ရင်နာလိုက်မလဲ....."

"မူလမီးစွမ်းအင်...."
"ဟုတ်တယ်... မင်း မမေ့သေးဘူးပဲ...တော်တယ်။ ဒီစွမ်းအင်ကိုကျုပ် ဘယ်နေရာမှာသုံးဖို့ အဆုံးရှုံးခံလိုက်ရတယ် ထင်သလဲ... သတိရသေးရဲ့လား..."
 မင်းသတိုး၏ ရယ်သံတိုးတိုးကို ထပ်ကြားလိုက်ရစဉ် ရတနာဒေဝီ၏ ခေါင်းထဲ မှတ်ဉာဏ်ဟောင်းတို့ အလုယက်ဝင်လာခဲ့သည်။ ခမည်းတော်ဘုရား... သွေးအိုင်ထဲမှ မယ်တော်ဘုရား... မိမိ၏ အဖျက်စွမ်းအင်ပေါက်ကွဲခြင်း နှင့် အမောင်ရဲ့ မူလမီးစွမ်းအင်တို့ တွေ့ဆုံမိပုံ၊ ပြီးတော့ မိမိ၏ အဖျက်စွမ်းအင်တို့ ပျောက်ကွယ်ပြီး တောင်ပေါ်မှ နှစ်ပေါင်းရာချီအကျဉ်းချခံရပုံ... မိမိဘယ်လောက် ငိုယိုကာ တောင်းဆိုပေမယ့် မိမိ၏ မိဘနှစ်ပါးကို တွေ့ခွင့်မရသည့် ဘဝ....။ ခမည်းတော်၏ မဟာမြိုင်အကြီးအကဲ အရိုက်ရာက အမောင့်ဆိကို ရောက်ရှိသွားကြောင်း အမောင် လာတွေ့စဉ်က ပြောပြခဲ့သည့် မြင်ကွင်း....

"ဟင့်အင်း... ခမည်းတော်နဲ့ မယ်တော်က ကျွန်မကို ဘာကြောင့် လာမတွေ့ရတာလဲ...."
ရတနာဒေဝီ တုန်လှုပ်စွာမေးလိုက်သည်။ မင်းသတိုးက သူမ၏ လက်အစုံ ပြေလျော့သွားစဉ် မိမိ၏ မီးစွမ်းအားကို မြှင့်ကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ကာလိုက်စဉ် ပေါက်ကွဲမှုကြီးက ရတနာဒေဝီ၏ ပတ်လည်က ပေါ်လာတော့သည်။
"မင်း အကြောင်းရင်းကို တကယ်မသိတာလား။ တမင်မေ့ထားတာလား... ကောင်ပြီ။ မင်းကို တကြိမ်ညှာတာပေးပြီးပြီ။ အခုတော့ မင်းက နောက်တခါ စည်းကမ်းကို ထပ်ချိုးဖောက်တော့ မင်းရဲ့ ခမည်းတော်မှာထားတဲ့အတိုင်း စီရင်ရုံပေါ့..."

"ကျွန်မကို လွှတ်...."
ဒီတစ်ခါတော့ ပြောင်းပြန်ဖြစ်သွားလေပြီ။ ပထမက မိမိ၏ အဖျက်စွမ်းအင်က အမောင့် မှော်စွမ်းအင်ကို ဖျက်စီးနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ တကယ့်တကယ်တော့ မိမိ၏ အစွမ်းက အမောင့်ကို မထိန်းချုပ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် အမောင်၏ မူလစွမ်းအင်က မီးစွမ်းအင်ဖြစ်ပြီး နိုးထလာသည့် စွမ်းအင်က မိမိ၏ အဖျက်စွမ်းအားကို စည်းပိတ်ထားဖို့ သုံးလိုက်ရသဖြင့်ဆုံးရှုံးသွားခဲ့သည်။ ဒါပေမယ့် အခု မီးနတ်ဆိုးနှင့် သွေးသောက် ကမာတို့ အစွမ်းဖြင့် အမောင်၏ မီးစွမ်းအင်ကို ပြန်ရလိုက်ပုံရသည်။ ဘယ်မီးနတ်ဆိုးကများ အမောင့်ကို ထိန်းချုပ်နိုင်မှာတဲ့လဲ။ ထိုသို့တွေးလိုက်မိစဉ် ရတနာဒေဝီ ကြောက်လန့်ကာ စတင်ရုန်းကန်တော့သည်။ မိမိကို သူ ဒီတစ်ခါ စွမ်းအင်ဖျက်စီးပစ်တော့မည် ထင်သည်။

"ဟင့်အင်း..ကျွန်မကို လွှတ်.... ကျွန်မ စွမ်းအင်ပျက်စီးရင် အိုပြီး သေသွားလိမ့်မယ်။ ကျွန်မ မသေချင်သေးဘူး.."

"တော်လောက်ပြီ ရတနာဒေဝီ။ အသက်ရှည်ရှည်နေရပေမယ့် ချစ်ခင်သူ မရှိရင် အဲ့အသက်ရှည်ခြင်းက ကျိန်စာ တစ်ခုပဲ... တော်တော့... မင်း ရဲ့ မယ်တော်နဲ့ ခမည်းတော်ကို လိုက်ပြီး တောင်းပန်ချိန်ရောက်ပြီ"
မင်းသတိုးက ရတနာဒေဝီကို တင်းနေအောင် ပွေ့ချီကာ တောင်ပေါ်ကို တိုက်ရိုက်ခေါ်ဆောင်သွားတော့သည်။ တောင်၏ တဖက်ခြမ်းကို ရောက်သော် အလုံပိတ်ထားသည့် အိမ်ပုံစံ ကျောက်တုံးကြီးရှေ့သို့ရောက်သော် ရတနာဒေဝီကို ချပေးကာ ပြောလိုက်သည။်

"မင်းနေတဲ့ တောင်ပေါ်က တဖက်ခြမ်းက မင်းမိဘတွေ တချိန်လုံးရှိနေတယ်။ မင်းကို စိတ်မချလို့ မင်းနားမှာ နေချင်တယ်ဆိုလို့ ကျုပ် ဒီမှာ မြှုပ်နှံပေးထားတာပဲ..."

"ဟင့်အင်း...ရှင်လိမ်တာ..ရှင်လိမ်တာ.. ခမည်းတော်က မဟာမြိုင်အကြီးကဲ... ဘယ်လိုလုပ် သေနိုင်မလဲ။ ခမည်းတော်က မသေမျိုးဖြစ်နေပြီ"
ရတနာဒေဝီက မျက်ရည်စီးကျလာရင်းပြောလိုက်သည်။ မင်းသတိုးက သူမကို လွှတ်ပေးကာ ပြောလိုက်သည်။
"မင်းရဲ့စွမ်းအင်ပေါက်ကွဲခြင်းကနေ ကာကွယ်ဖို့ သူရှေ့က ခံလိုက်တာပဲ။ ဆရာရဲ့ မှော်အစွမ်းက ကြီးလွန်းလို့ ချက်ချင်းမသေပေမယ့် မင်း အစွမ်းကို ချိတ်ပိတ်ပြီးမကြာခင် သူ့အစွမ်းတွေ အကုန်ဆုံးရှုံးပြီး သေဆုံသွားတာပဲ။ တကယ်တမ်းပြောရရင် မင်းရဲ့ မယ်တော် မရှိတော့ကတည်းက သူက အသက်ရှင်ချင်စိတ်မရှိ တော့တာပဲ"
ရတနာဒေဝီ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုတို့ ထင်ဟပ်လာခဲ့သည်။

"ကျွန်မကြောင့် မဟုတ်ဘူး။ ကျွန်မရဲ့စွမ်းအင်ကြောင့် မဟုတ်ဘူး။"

"မင်းကြောင့်ပဲ။ မင်းရဲ့ အဖျက်စွမ်းအင်ကြောင့် မင်းမယ်တော် ပွဲချင်းပြီးသေသွားပြီး မင်းခမည်းတော် မှော်စွမ်းအင် ပျက်စီးသွားတယ်။ ဦးရီးတော် ဆရာက မသေခင် ကျုပ်ရဲ့ မူလစွမ်းအင်ကို သုံးပြီး မင်းရဲ့ အစွမ်းကို ချိတ်ပိတ်ခိုင်းလိုက်တယ်။ သူရရဲ့ မူလစွမ်းအင်က ဒီချိတ်စည်းကို ဖြည်ပေးနိုင်မယ်လို့ မထင်ထားခဲ့မိဘူး။ ဒါကြောင့် မင်းက တောင်ပေါ်က ဆင်းလာနိုင်ခဲ့တာပဲ။ သူက နာယက ဖိုးဖိုးသုံးယောက်ကို နှိပ်စက်ပြီး ဒီအချက်ကို သိတာဆိုတော့ ကျုပ်ရဲ့စွမ်းအားက မင်းကို ထိန်းချုပ်နိုင်တာကို သိမှာသေချာတယ်။ ကြည့်ရတာ မင်းကို သူ အသုံးချလိုက်ပြီနေမယ်... "

ရတနာဒေဝီ၏ မျက်လုံးထဲ မျက်ရည်တို့ စီးကျလာပြီး ကျောက်တုံးအိမ်ဆီ သွားကာ လက်ဖဝါးနှင့် ထိလိုက်မိသည်နှင့် ကျောက်တုံးအိမ်တံခါးက ပွင့်သွားတော့သည်။

"မယ်တော်...ခမည်းတော်..."
ရတနာဒေဝီက အထဲမှ ပယင်းခေါင်းတလားများဖြင့် ထားရှိသည့် မယ်တော်နှင့်ခမည်းတော်၏ အလောင်းကို တွေ့လိုက်စဉ် သတိလက်လွှွတ် အထဲကို ဝင်ရောက်သွားတော့သည်။ သူမဝင်သွားသည်နှင့် ကျောက်တုံးအိမ်တံခါးက ပိတ်သွားတော့သည်။
မင်းသတိုးသည် ထိုအိမ်တံခါးပျောက်သွားသည်နှင့် မိမိ၏ မီးစွမ်းအင်ကို ထုတ်ကာ ထိုကျောက်တုံးအိမ်ကြီးကို တခါတည်း လွှမ်းခြုံလိုက်တော့သည်။ ကျောက်တုံးအိမ်ကြီးထဲမှ ရတနာဒေဝီ၏ အဖျက်စွမ်းအားများက မီးတောက်၏လောင်ကျွမ်းမှုကြောင့် ပြင်းထန်သည့် အားလှိုင်းများ ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့သွားတော့သည်။ ငလျင်လှုပ်သလို တုန်လှုပ်မှုကြောင့် မဟာမြိုင်မှ မှော်ဆရာအားလုံး ကြောက်ရွံ့သွားကြပြီး တားမြစ်တောင်ရှိရာကို ကြောက်ကြောက်နှင့် လှမ်းကြည့်လိုက်ကြသည်။ ကောင်းကင်ထိအောင် ကြီးမားသည့် မီးတောက်ကြီးက ထိုးတက်သွားသည်ကို တွေ့သော် ရင်ထဲ တင်းကျပ်သွားတော့သည်။
တခုခုမှားနေပြီဟု သူတို့ ထင်လာတော့သည်။ တောင်ထိပ်တွင် မင်းသတိုးရှိနေသည်။ ထိုတောင်က ရှေးယခင် အဆက်ဆက်သော မဟာမြိုင်အကြီးကဲတို့၏ မှော်အစွမ်းဖြင့် အားဖြည့်ထားသည့် ဒေသဖြစ်ပြီး နတ်ဆိုးနှင့် နတ်ဆိုးပူးကပ်သူများ ခြေချလို့မရသည့် ဒေသတွင် မင်းသတိုးက ဘာကြောင့် ရှိနေနိုင်တာလဲ။ ဒါဆိုလျှင် မင်းသတိုးက တကယ် မီးနတ်ဆိုးပူးကပ်နေတာကော ဟုတ်ရဲ့လား။ အားလုံး၏ရင်ထဲ ရှုပ်ထွေးစပြုလာတော့သည်။
ကျောက်အိမ်လေးထဲတွင် ရတနာဒေဝီက အကုန်သတိရသွားလေပြီ။ ဒါကြောင့် သူမက သေလမ်းသွားရမည်ကို မတုန်လှုပ်တော့ပေ။ တကယ်တော့ သူမကြောင့် သူမ မယ်တော် သေဆုံးသွားသည်ကို တမင်မေ့ဖျောက်ထားခဲ့မိသည်။ သူမ မတရား အကျဉ်းချခံထားရသည်ဟု ကိုယ့်ကိုယ်ကိုယ် လှည့်စားပြီး နေထိုင်ခဲ့မိသည်။ ခမည်းတော်က မိမိကို နောက်ဆုံးတွေ့ဆုံက စွမ်းအင်ကို ချိတ်ပိတ်ချိန်တွင် အမောင့်စွမ်းအင်ကို စတေးလိုက်ရသည်။ မိမိက တောင်းပန်သော်လည်း ခမည်းတော်နှင့် အမောင်က ငြင်းပယ်လိုက်သဖြင့် သူတို့နှစ်ဦးလုံးကို စိတ်ဆိုးဒေါသထွက်ခဲ့သည်။ မိမိကြောင့် ခမည်းတော် ကွယ်လွန်သွားသည်ကို အမောင်ကိုယ်တိုင် လာပြောခဲ့သည်ကို ပြန်သတိရလာခဲ့သည်။ ထိုအဖြစ်ကို ရတနာဒေဝီ လက်မခံနိုင်ခဲ့ပေ။ နှစ်ပေါင်းများစွာကြာတော့ မိမိမှတ်ဉာဏ်ထဲတွင် မိဘတို့ သေဆုံးသွားတာကို မေ့ပျောက်သွားခဲ့ပြီး အမောင့်ကိုသာ အပြစ်တင်ရင်း နေထိုင်ခဲ့သည်။ ထိုသို့နေရတာ ပို သက်တောင့် သက်သာရှိသည် မဟုတ်လား။
သူရဆိုသည့် လူရောက်လာတော့ သူ ပြောသည့် အကြောင်းရာများက မိမိ ကိုယ်ကိုယ် လှည့်စားထားသည်နှင့် တူညီနေသောကြောင့် သဘောကျခဲ့သည်။ အမောင့်ကို လက်ထပ်ပြီး မဟာမြိုင်ကနေ ထွက်သွားချင်သည်။ အရာအားလုံးကို ထားရစ်ကာ ထွက်သွားချင်သည်။ မိသားစု ဘဝကို ပိုင်ဆိုင်ချင်သည်။ ဒါကြောင့်... မိမိ စွမ်းအင် ချိတ်ပိတ်တာကို ဖြည်ပေးတော့ အမောင့်ကို ထိန်းချုပ်ဖို့ လုပ်ခဲ့ပေမယ့် အရာအားလုံး ပျက်စီးသွားခဲ့လေပြီ။
အမောင်လည်း မရှိတော့။ မိဘတွေလည်း မရှိတော့မှဖြင့် သေတာပဲ ကောင်းပါသည်။ ရတနာဒေဝီ ထိုသို့တွေးပြီး မိဘခေါင်းတလားကို ထိကိုင်ကာ တောက်လောင်လာသည့် မီးတောက်ကို တည်ငြိမ်စွာ လက်ခံလိုက်တော့သည်။
အမောင် ပေးသည့် အပြစ်ကို မိမိနာခံခြင်းဖြင့် နောက်ဆုံး ချစ်ခြင်းကို ပြသပါတော့မည်။ ထိုအတွေးဖြင့် ရတနာဒေဝီ၏ ရင်အစုံ အေးချမ်းသွားတော့သည်။

"ဝုန်း...."
လေထုထဲ အင်အားကြီးသည့် အားလှိုင်းလှုပ်ရှားလာပြီးနောက် ထိုကျောက်တုံးအိမ်ကြီး လုံးဝပြာကျသွားတော့သည်။ ကျောက်အိမ်နှင့်အတူ ရတနာဒေဝီလည်း ထာဝရပျောက်ကွယ်သွာလေပြီ။
============================

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Dove le storie prendono vita. Scoprilo ora