Chapter (43) (zawgyi+Unicode)

Start from the beginning
                                    

Chapter (43)
နွေဦးသည် လှပလွန်းသည့် မှော်ဆရာမကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။ မိမိချစ်သူကို ဘယ်လောက် ဒေါသထွက်နေစကာမူ တကယ်တမ်းလက်လွှတ်ဖို့ဆိုတာ နွေဦးလို အချစ်မြဲတတ်သူအတွက် အင်မတန်ကို ခဲယဉ်းလွန်းလှသည်။
"ခင်ဗျားကို မချစ်တဲ့သူကို ဒီလိုနည်းနဲ့ အပိုင်ယူထားလည်း ခင်ဗျားစိတ်ချမ်းသာရမယ် ထင်နေသလား"

"စိတ်ချမ်းသာတာပေါ့...ကျွန်မရဲ့အဓိက ရည်ရွယ်ချက်က အမောင့်ကို ပိုင်ဆိုင်ချင်တာပဲလေ....ကဲ အခု ရှင့်လို သေမျိုးလူသားတစ်ယောက်ရဲ့ အချစ်ကို သက်သေပြရမယ့် အချိန်ရောက်ပြီ။ ရှင်ချစ်ပါတယ်ဆိုတဲ့ အမောင်ရဲ့ အသက်ရှည်ရှည်နဲ့ မှော်စွမ်းအင်ထက်မြက်တဲ့သူ တစ်ယောက်ပြန်ဖြစ်ဖို့ ရှင် သူ့ကို စွန့်လွှတ်နိုင်ရဲ့လား..."

ရတနာဒေဝီက ဒေါသထွက်ခြင်းမရှိပဲ တိုးတိုးညှင်းညှင်းရယ်မောရင်း ပြန်မေးခဲ့သည်။

"ဒါက..."
ထိုစကားကြောင့် နွေဦး ဘယ်လိုဖြေရမည်မသိ အကြပ်ရိုက်သွားစဉ် အကိုသူရက ပုခုံးပေါ်လက်တင်ကာ ပြောလာခဲ့သည်။

"နွေဦးလေး....မင်းအတွက် ခက်ခဲနေရင် သူပြောတာကို လက်မခံလည်းရတယ်။ အကို နောက်ထပ် နည်းလမ်းတွေရှာပေးမယ်"

"ရှင်တို့ရှာလည်း အလကားပါပဲ... အမောင့်ကိုယ်ထဲက မှော်နက်စွမ်းအင်ကို ချေဖျက်နိုင်တဲ့ အဖျက်စွမ်းအားက ကျွန်မဆီမှာပဲရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မဆီက နိုးထလာတဲ့ ပင်ကိုယ်စွမ်းအင်က မှော်စွမ်းအင်ကို စုပ်ယူဖျက်ဆီးနိုင်ခြင်းပဲ...."

"ဒါဆိုရင် ကဝေကြီးရဲ့ မှော်စွမ်းအင်ကို အကောင်းပကတိအတိုင်း ဖြစ်စေမယ်ဆိုတာ ခင်ဗျား လိမ်တာလား..."

ရတနာဒေဝီ၏စကားကို ကြားသော် နွေဦး ဆတ်ခနဲဖြစ်သွားပြီး အလန့်တကြားမေးလိုက်သည်။ ရတနာဒေဝီလက်ထဲ သူ့ကို အပ်လိုက်မှ ဖွတ်မရ ဓါးမဆုံးဖြစ်တော့မည်။

"ဟင့်အင်း...အမောင့်ကိုယ်ထဲမှာ စွမ်းအင်က နှစ်မျိုးရှိနေပြီ။ ကျွန်မက အမောင်နဲ့ ပေါင်းစပ်ချိန်မှာ မီးနတ်ဆိုးစွမ်းအင်ကို ဖျက်စီးပစ်လိုက်မှာ။ အဲ့ဒီအချိန် ကျွန်မဆီက အဖျက်စွမ်းအင်လည်း အမောင်ရဲ့ကိုယ်ထဲ စိမ့်ဝင်ပေါင်းစပ်သွားပြီး အမောင်ရဲ့ မူလစွမ်းအင်ကို မထိခိုက်စေတော့ဘူး..."

"ပေါင်းစပ်တယ်ဆိုတာ....ခင်ဗျားက..."
နွေဦး ထိုစကားကိုကြားသော် ရင်ထဲ စူးနင့်သွားပြီး မေးလိုက်သည်။ ရတနာဒေဝီက ရှက်ရွံ့ခြင်းမရှိ တည်ငြိမ်စွာဖြင့် ပြောခဲ့သည်။
"ဟုတ်တယ်.ပေါင်းစပ်တယ်ဆိုတာ လင်မယား အရာမြောက်နေထိုင်ခြင်းကို ပြောတာ။ ဒါကြောင့် ကျွန်မ ခင်ပွန်းသည်ဖြစ်လာမယ့်အချိန် အမောင့်ရင်ထဲမှာ ရှင့်ကို မုန်းတီးနေစေချင်တယ်..."

ရတနာဒေဝီ၏စကားကိုကြားသော် နွေဦး ခါးသီးစွာခံစားလိုက်ရသည်။ ကဝေကြီးကို တပါးသော မိန်းမ၏ ခင်ပွန်းသည်အဖြစ် ဘယ်လိုမှ မြင်လို့မရနိုင်သလို နားဖြင့် ကြားရလျှင်ပင် ရင်ကို ခွဲပြီး အသည်းကို ရှားမီးခဲတွင် ကင်နေသည့်နှယ် ပူလောင်စွာ ခံစားလိုက်ရသည်။ တကယ်တော့ ...ကဝေကြီးကို နွေဦး အရမ်းချစ်နေမိပြီ မဟုတ်လား။ နွေဦး အက်ကွဲစွာ ပြောလိုက်မိသည်။
"ခင်ဗျား ရက်စက်လိုက်တာ...."

"ရှင်တို့ သဘောမကျရင်လည်း လက်မခံပဲ နေလို့ရတယ်လေ။ အမောင် မီးနတ်ဆိုးအဖြစ် အဆင့်တက်သွားရင် အားလုံ းပျော်ပျော်ကြီး သေကြတာပေါ့..."
နွေဦးသည် ရတနာဒေဝီ၏ အကြည့်ကြောင့် ဘယ်လိုပြန်ဖြေရမည် မသိဖြစ်နေစဉ် အကိုသူရက သက်ပြင်းရှိုက်ကာ ညင်သာစွာလှမ်းပြောခဲ့သည်။
"နွေဦး... မင်း နာကျင်နေမယ်ဆိုတာ အကိုသိတယ်။ ဒါပေမယ့် အကိုတို့မှာ ဒီတစ်နည်းက နောက်ဆုံးရွေးချယ်စရာဖြစ်နေပြီ။ မင်း ဘာလုပ်ပါလို့ အကို မပြောရက်ဘူး။ မင်း ဘာပဲရွေးရွေး အကို မင်းကို အားပေးနေမယ်။ မင်းကြုံရသမျှ အခက်ခဲတိုင်းကို အကို အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးမယ်လို့ ကတိပေးတယ်"

"ရှင်က သူ့ကို ချစ်နေတာပဲ...."
ရတနာဒေဝီက မိမိရှေ့မှ ပြဇာတ်တစ်ပုဒ်ကိုကြည့်ပြီး အေးအေးသက်သာပြောလိုက်သည်။ သူမ၏ စကားကိုကြားသော်နွေဦး တုန်လှုပ်စွာဖြင့် အကိုသူရကို လှမ်းကြည့်လိုက်သည်။ အကိုသူရက မျက်နှာမပျက်ပဲ ရတနာဒေဝီကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ဟုတ်တယ်။ ဒါက ဘာထူးဆန်းနေလို့လဲ။ နွေဦးက ကျုပ်ဘဝမှာ အလေးထားရဆုံး လူသားတစ်ယောက်ပဲ..."
"အင်း....ရှင်က မှော်သွေးဆက်နိုးထလာတာ မကြာသေးလို့ထင်တယ်။ လူသားဘဝက သံယောဇဉ်ကို အဟုတ်ထင်နေတယ်။ ရှင် မှော်ဆရာဘဝနဲ့ အသက်ထောင်ချီကြာအောင် နေရတဲ့အခါ ဒီအချစ်ဆိုတဲ့ ခံစားချက်တွေက ဘာမှ မဟုတ်တော့ဘူးဆိုတာ သိလာလိမ့်မယ်..."
ရတနာဒေဝီက ကျောက်ဖျာထက်မှာ ပြန်ထိုင်လိုက်ပြီး ညင်သာစွာပြောလိုက်သည်။ နွေဦးသည် သူမကို စိုက်ကြည့်ကာ သိချင်သည်ကို မေးလိုက်သည်။

"ဒါဆိုရင် ခင်ဗျားက ဘာကြောင့် ကဝေကြီးကို ပြန်လိုချင်ရတာလဲ။ ခင်ဗျားပြောသလိုဆိုရင် မှော်ဆရာတွေအတွက် အချစ်ဆိုတာ အရေးမကြီးဘူးဆို..."

"မင်းမေးတာ ကောင်းတယ်။ ကျွန်မ အမောင့်ကို ပြန်လိုချင်တာက ကျွန်မ ရသင့်တဲ့ လူသားဖြစ်နေလို့ပါ။ ချစ်တယ်ဆိုတာထက် ကျွန်မတို့က ခေတ်တစ်ခေတ်တည်းမှာ မွေးဖွားလာပြီး ငယ်ကတည်းက မှော်ပညာဆက်နွယ်မှုက ခိုင်မြဲခဲ့တယ်။ သူရှိရင် ကျွန်မရဲ့ မှော်ပညာအဆင့်လည်း ဒီထက် ပိုမြင့်တက်သွားသလို သူလည်း အရင်ကထက် ပိုအစွမ်းထက်လာလိမ့်မယ်..."
ရတနာဒေဝီက နွေဦးကို ပြုံးကြည့်ကာ ဖြေလိုက်သည်။ နွေဦးက သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။

"ဒါက ဦးနှောက်နဲ့တွက်ချက်ပြီး ကဝေကြီးကို ခင်ဗျား လိုချင်တာပဲ။ ခင်ဗျား ဒီလိုလုပ်ရင် သူ ပျော်မယ်လို့ ထင်လို့လား..."

"သူက သာမန်လူသားဖြစ်ပြီး သေသွားမယ်ဆိုရင် မင်း ပျော်မလား...လူငယ်လေး.."
ရတနာဒေဝီ၏ ဓါးသွားပမာ ထက်မြက်သည့် စကားလုံးများက နွေဦးကို အကြိမ်ကြိမ်သတ်နေသလို အသက်ရှုပင်ကြပ်လာစေသည်။ သူရသည် ဖြူဖျော့လာသော နွေဦး၏ မျက်နှာကို ကြည့်ကာ စိုးရိမ်စွာပြောလိုက်သည်။ အပြင်ပန်းတွင် စိုးရိမ်နေပေမယ့် ဒီကောင်လေး မိမိကျော့ကွင်းထဲ မကြာခင် သက်ဆင်းလာတော့မည်ကို ရိပ်မိကာ စိတ်ထဲမှကြိတ်ပြီးပျော်နေသည်။ တဖက်မှလည်း မင်းသတိုးကို နွေဦးက ဒီလောက်ချစ်သည်ကိုသိလိုက်ရတော့ မနာလိုစိတ်ကြောင့် ဖောက်ခွဲပြစ်ချင်လာသည်။ တကယ်လို့ နွေဦး မိမိရင်ခွင်ထဲရောက်လို့ကတော့ မင်းသတိုးကို လုံးဝမေ့သွားအောင် အိပ်ယာထဲ ဆွဲသွင်းကာ မသေမချင်း မငိုမချင်းနှိပ်စက်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ မိမိပိုင်သော အရုပ်လေး၏ ပါးစပ်မှ အခြားယောကျာ်းအမည်ကို လုံးဝမကြားချင်ပေ။ ဒါပေမယ့် အပြင်ပန်းတွင် သူတော်ကောင်းပုံစံကို ထိန်းကာ ညင်သာစွာ ဖေးမလိုက်သည်။

"နွေဦး...မင်း ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် အကို မင်းဘေးမှာရှိနေမယ်။ မင်းရဲ့အခက်ခဲကို ကူညီဖြေရှင်းပေးမယ်..."

"ကျေးဇူးတင်ပါတယ်အကို.... ကျွန်တော့်ကို ခဏ စဉ်းစားခွင့်လေးပေးပါ..."
နွေဦးက မိမိပုခုံးကို ဆုပ်ကိုင်ထားသော အကို့လက်ကို ညင်သာစွာဖယ်လိုက်ပြီး ပြောလိုက်သည်။

"ရှင်တို့ လူသားတွေက တကယ်တော့ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တာကိုး...အမောင် ရှင့်ကို ဘယ်လိုများ ချစ်မိသွားတာပါလိမ့်..."
"ခင်ဗျား ကျေးဇူးပြုပြီး ပါးစပ်လေး ပိတ်ပေးပါလားဗျာ... ကျွန်တော့်ဆီက ကတိရဖို့ ဘေးကနေ ဆွနေစရာ မလိုပါဘူး။ အချိန်ခဏလေးပဲပေးပါ..."

နွေဦး ရတနာဒေဝီကို ခွန်းတုန့်ပြန်ပြီး ခပ်လှမ်းလှမ်းက တောင်စောင်းနားသွားကာ သူတို့နှစ်ဦးကို ကျောခိုင်းပြီး စိတ်ထဲမှနေပြီး ကဝေကြီးကို တိုင်တည်ပြောလိုက်သည်။ မျက်ရည်များက ပါးပြင်ပေါ် အတားဆီးမရှိ ကျဆင်းလာတော့သည်။

"ကဝေကြီး... ခင်ဗျားကို ကယ်တင်မယ့်နည်းက ဒီတစ်နည်းပဲရှိတော့တယ်တဲ့။ ကျွန်တော် ရင်နာလိုက်တာဗျာ။ ဘယ်လိုအကြောင်းနဲ့များ ဒီလိုတွေ ကြုံတွေ့ရတာလဲ။ ကျွန်တော်က ခင်ဗျား ခက်ခဲနေတာကို သိပေမယ့် ဘာမှ မကူညီပေးနိုင်ဘူး။ သူတို့ပြောသလို အသုံးမကျတဲ့ လူသားတစ်ယောက်ဆိုတာ တကယ်ဖြစ်နေပြီ။ ခင်ဗျားကို ကျွန်တော် ချစ်တယ် ကဝေကြီး။ ကျွန်တော့်ဘဝမှာ တစ်ခါမှ မပေါ်ဖူးတဲ့ အချစ်နဲ့ ခင်ဗျားကို ချစ်မိတာပါ။ ဒီအချစ်တွေက ခင်ဗျားဆီက ကူးစက်လာတာလည်း ဖြစ်နိုင်တယ်။ မချစ်တတ်တဲ့ စိတ်သောကအပြည့်နဲ့ ဒီပရက်ရှင်ဝင်ဝင်နေတတ်တဲ့ အလုပ်သင်ဆရာဝန်လေး တစ်ယောက်ကို အချစ်တွေနဲ့ ကြံ့ခိုင်လာစေတဲ့ ခင်ဗျားအချစ်တွေ အလကား မဖြစ်စေရပါဘူး။ ကဝေကြီး...ကျွန်တော် လုပ်သမျှအရာအားလုံးက ခင်ဗျားကို ချစ်တဲ့အတွက်ပါပဲ..."
ရတနာဒေဝီနှင့် သူရက နွေဦးကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေကြသည်။ သူတို့ရည်ရွယ်ချက်အောင်မြင်သွားပြီဆိုတာ သိနေသဖြင့် စိတ်အေးအေးဖြင့် စောင့်နေသည်။ နွေဦးသည် မျက်ရည်များကို ခပ်ကြမ်းကြမ်းသုတ်ပြစ်ပြီး သူတို့နှင့် မျက်နှာချင်းဆိုင်ကာ နှလုံးသွေးရှင်ရှင်ပန်း ထွက်မတတ်နာကျင်ရင်း ပြောလိုက်သည်။

"ကောင်းပြီ။ ခင်ဗျားလိုချင်တဲ့ အတိုင်းဖြစ်စေရမယ်။ ကဝေကြီးကို ကယ်တင်ပေးပါ..."

"နွေဦး.."
"ရတယ် အကို။ ကျွန်တော် ယောကျာ်းပါ။ ဒီလောက်တော့ ခံနိုင်ရည်ရှိပါတယ်။ သွားကြစို့။ ကဝေကြီးကို သွားပြီး ကယ်တင်ကြပါစို့...."
=====================
မင်းသတိုးသည် နောက်ဆုံးအကာရံအတားဆီးကို ကျော်လွှားပြီးနောက် မီးနတ်ဆိုးမှော်ကဝေတစ်ယောက်ဖြစ်သွားလေပြီ။ သူ တောင်ပိုင်းပင်လယ်က နန်းတော်ကို တိုက်ရိုက်ပျံသန်းလာပြီးနောက် ပုလဲဒေဝီကို ခေါ်လိုက်သည်။

"ပုလဲဒေဝီ...."
"အရှင်...နောက်ဆုံးအတားဆီးကို ကျော်ဖြတ်သွားနိုင်ပြီလား..."
"အင်း....ကျော်ဖြတ်ပြီး နောက်ဆုံး ကျုပ် သူတို့ပြောတဲ့ မကောင်းဆိုးဝါး မီးနတ်ဆိုးဖြစ်သွားပြီ..."
"မဖြစ်နိုင်ဘူး။ မှော်လောကတစ်ခုလုံးက ပြောပြောနေတဲ့ မီးနတ်ဆိုးဆိုတာ ဒီလိုမျိုးမှ မဟုတ်တာ..."
ပုလဲဒေဝီသည် အရှင်မင်းသတိုး၏ကိုယ်ပေါ်တွင် မီးရောင်လို အလွှာပါးတစ်ခုလွှမ်းခြုံနေသည်ကလွဲပြီး ယုတ်မာရက်စက်သည့် အရာတစ်ခုမှ မတွေ့ရသဖြင့် ငြင်းလိုက်သည်။

"ကျုပ်ချစ်တဲ့သူကို ထိတွေ့လို့ မရတော့ဘူး ပုလဲ။ ကျုပ်ကိုယ်က မီးစွမ်းအင်က ကျုပ်အသားကို ထိတွေ့မိတဲ့လူတိုင်းကို လောင်ကျွမ်းသွားလိမ့်မယ်။ ဒါကြောင့် မီးနတ်ဆိုးလို့ သူတို့ ခေါ်ကြတာပဲ..."

"ဒါဆို အရှင့်ချစ်သူ...."
မင်းသတိုးက ထိတ်လန့်သွားသည့် ပုလဲဒေဝီကို လျစ်လျူရှုကာ ခပ်အေးအေးပြောလိုက်သည်။





"အင်း..ဟုတ်တယ်။ သူ့ကို ကျုပ် ထိတွေ့လို့မရတော့ဘူး။ ကဲ ယှဉ်ပြိုင်မယ့်နေရာကို သွားကြစို့ "

ယှဉ်ပြိုင်မည့်နေရာကိုရောက်သော် ရတနာဒေဝီကို တွေ့လိုက်သည်နှင့် မင်းသတိုး ၏မျက်နှာပျက်ယွင်း သွားခဲ့သည်။ သူရလုပ်သည့် အကွက်ကို ရိပ်မိကာ နွေဦး ဘယ်လောက် နာကျင်နေမည်ကို တွေးကာ မချိတင်ကဲဖြစ်ပြီး နွေဦးကိုလှမ်းကြည့်လိုက်သည်။ နွေဦးက မိမိကို စိမ်းကားစွာ လှမ်းကြည့်သည်ကို တွေ့သော် မင်းသတိုး ရင်ထဲ လေးဆင်းသွားတော့သည်။
"နွေဦး...."
"ကျွန်တော်ရှိပါတယ်...."
"မင်း ဘာပဲ သိသိ။ မင်းသိထားသမျှတွေက အမှန်တရားမဟုတ်ဘူးဆိုတာ မမေ့ပါနဲ့နွေဦးလေး။"
မင်းသတိုး အလျင်စလို လှမ်းပြောလိုက်တော့ သူရ၏ မျက်နှာပေါ်တွင် အပြုံးတစ်ချက်ဖြတ်ခနဲပေါ်သွားသည်။ ထို့နောက် မင်းသတိုးကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။

"ဒါဆိုရင် ရတနာဒေဝီဆိုတဲ သတို့သမီးလောင်းရှိတာကို ခင်ဗျား ဘာကြောင့် နွေဦး မသိအောင် ဖုံးကွယ်ထားတာလဲ မင်းသတိုး..."
"ဒါ...မင်း နဲ့ မဆိုင်ဘူး သူရ။ မင်း ဘာအကွက်တွေ ခင်းနေတယ်ဆိုတာ ကျုပ်သိတယ်..ပြီးမှ မင်းနဲ့ စာရင်းရှင်းမယ်..."

"ခင်ဗျား အကိုသူရကို ငြိုးစရာမလိုဘူး ကဝေကြီး။ အခု ခင်ဗျားရဲ့ သတိုးသမီးလောင်းကို ဘာကြောင့် ဖုံးကွယ်ထားတယ်ဆိုတာပဲ တချက်ပြောပြပေးရင် ကျွန်တော် တကယ်ကျေးဇူးတင်သွားမှာပဲ.."
နွေဦးက မင်းသတိုးကို ဖြတ်ပြောလိုက်သည်။ ရတနာဒေဝီက ပြုံးကာ ရှေ့ထွက်လာရင်း မင်းသတိုးကို နူတ်ဆက်လိုက်သည်။

"အမောင်က ကျွန်မကို စကားချိုချိုတွေနဲ့ လှည့်ဖျားပြီး တောင်ထွက်ပေါ်မှာ ပိတ်လှောင်ထားတဲ့အချိန် အပြင်မှာ ပွေရှုပ်နေတာပေါ့လေ..."
"မင်း ဘာစကားပြောတာလဲ ရတနာ၊ မင်းနဲ့ကျုပ်ရဲ့စေ့စပ်ပွဲကို မင်းရဲ့ဦးရီးတော်ကိုယ်တိုင် ဖျက်သိမ်းလိုက်ပြီးသား။ ပြီးတော့ ဒီတောင်ထွက်ပေါ်မှာ မင်းကို ကျုပ် စည်းချိတ်ပိတ်ထားတာ မဟုတ်ဘူး။ မင်းရဲ့ ခမည်းတော်ကိုယ်တိုင် ချိတ်ပိတ်ထားတယ်ဆိုတာ မင်းမေ့နေပြီလား။ "
"စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်တယ်ဆိုတာ ဘယ်သူ့အကျိုးအတွက်လဲဆိုတာ အမောင်မေ့သွားပြီလားဟင်... ရတနာ ပြန်အစဖော်ပေးရဦးမှာလား။ ကျွန်မကိုယ်ထဲက စွမ်းအင်တွေ အမောင့်ကို ထိခိုက်မှာစိုးလို့ ဖျက်သိမ်းလိုက်တာ မဟုတ်ဘူးလားဟင်..."
"ဘာအကြောင်းနဲ့ဖြစ်ဖြစ် ကျုပ်တို့က မသက်ဆိုင်တော့တာ နှစ်ပေါင်းသုံးရာနီးနီးဖြစ်နေပြီ မဟုတ်လား။ အခုမှ ဘာကြောင့် ကျုပ်ရဲ့ သတို့သမီးလောင်းဆိုပြီး လာပြောနေရတာလဲ ရတနာ..."
ရတနာဒေဝီက ခပ်လွင်လွင်ရယ်မောကာ မင်းသတိုးကို လှမ်းကြည့်ပြီးပြောလိုက်သည်။

"ကျွန်မရဲ့စွမ်းအင်တွေက ရှင့်ရဲ့မီးနတ်ဆိုး စွမ်းအင်ကို ဖျက်စီးစုပ်ယူပြစ်လို့ရနေပြီ အမောင်... ရှင် ကျွန်မနဲ့ ပြန်ပြီး လက်တွဲလို့ရနေပြီ။"

"ကျုပ် မင်းကို စိတ်မဝင်စားဘူး ရတနာ။ ကျုပ်မှာ ချစ်သူရှိတယ်.. နွေဦးက ကျုပ်ရဲ့ချစ်သူပဲ..."
မင်းသတိုး၏စကားကိုကြားသော် နွေဦး၏ ရင်ထဲ လှိုက်ခနဲဖြစ်သွားပေမယ့် သူရက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။ နွေဦးက စိတ်ကို ထိန်းပြီး သူ့ကို လှမ်းပြောလိုက်သည်။

"ခင်ဗျားကျွန်တော့်ကို ရှင်းပြသင့်နေပြီလို့ မထင်ဘူးလား။ "
"ရတနာက ကျုပ်နဲ့ မသက်ဆိုင်သူဖြစ်လို့ မင်းကို မပြောပြမိတာပါ နွေဦး။ တကယ်တမ်းပြောရင် သူရှိနေတာကိုကျုပ်မေ့တောင်နေပြီ။ တမင် မင်းကို ဖုံးကွယ်ထားတာ မဟုတ်ပါဘူး။"
နွေဦးက ချစ်သူ ကဝေကြီးကို ကြည့်ကာ ရယ်မောလိုက်သည်။ ထိုရယ်သံကိုကြားသော် မင်းသတိုး မျက်နှာပျက်သွားပြီး အလောတကြီးလှမ်းခေါ်လိုက်ပေမယ့် သူက စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"ခင်ဗျားက သိပ် အတ္တကြီးတဲ့လူပဲ မင်းသတိုး။ သိပ်ချစ်တတ်ပါတယ် ဆိုတဲ့ အရေခွံအောက်မှာ လူတစ်ယောက်ရဲ့ သိက္ခာ ကို ရက်ရက်စက်စက် ရိုက်ချိုးပြီး အဲဒီလူရဲ့ အသက်ရှင်ချင်စိတ်ကို တစ်စစီဖြစ်အောင် နင်းချေပစ်လိုက်တာကို ဘယ်သူက သိမှာလဲ။"

"နွေဦးလေး...မဟုတ်ဘူး။ကိုယ့်ကို ရှင်းပြခွင့်ပေးပါ..."

"မလိုတော့ဘူး။ ခင်ဗျား ဟိုတလောက ဘာကြောင့် ကျွန်တော့်ကို စော်ကားပြောဆို၇တယ်ဆိုတာ ကျွန်တော် နားလည်သွားပြီ။ တကယ်တော့ ခင်ဗျား မျက်လုံးထဲမှာ ကျွန်တော်က ဘာမှ မဟုတ်ဘူးပဲ..."

"မဟုတ်ဘူး.."
မင်းသတိုးသည် နွေဦး အထင်လွဲသွားသည်ကို သိတော့ ချက်ချင်း ဖြေရှင်းရန် သူ့အနားကို သွားဖို့ ကြိုးစားလိုက်တော့ သူရ၏ အေးစက်လှသည့် လစွမ်းအင်က ချက်ချင်းတားဆီးလိုက်သည်။ နွေဦးက မျက်ရည်စီးကျလာရင်း မင်းသတိုးကို စိုက်ကြည့်ကာ တစ်လုံးချင်း ဆက်ပြောလိုက်သည်။ ထိုစကားကို ပြောနေရင်းနွေဦး၏ ရင်ထဲ သွေးစိမ်းရှင်ရှင်ပန်းလို့နေသလို ခံစားနေရသည်။
"လူတွေ အမြင်မှာ ခင်ဗျားက သိပ်ချစ်တတ်တဲ့ ကဝေကြီး၊ ကျွန်တော်က အားငယ်တတ်တဲ့ ခင်ဗျားမရှိရင် ဘာမှ ကိုမလုပ်တတ်တော့အောင် ပျော့ညံ့တဲ့ လူငယ်လေးပေ့ါ။ အဲ့လို မြင်အောင် ခင်ဗျားက ပုံဖော်ခဲ့တယ်။ ခင်ဗျား သိပ်အောက်တန်းကျတယ်။"
"မဟုတ်ဘူး နွေဦး ကျုပ်ရှင်းပြပါရစေ..."

"မလိုတော့ဘူ။ ကျွန်တော်က ခင်ဗျားကို ယုံကြည်စွာနဲ့ အရာအားလုံးပုံအပ်ပေးခဲ့ပေမယ့် ပြန်ရလိုက်တာက သံသယနဲ့ လိမ်ညာမှုတွေပဲ... ခင်ဗျားက ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်ပဲ ကဝေကြီး။ ခင်ဗျားကို ကျွန်တော်မုန်းတယ်။ ခင်ဗျားရဲ့ အစွမ်းတွေနဲ့ကျွန်တော့်ကို လူမသိ သူမသိ နှိပ်စက်ခဲ့တဲ့ ခင်ဗျားကို ရွံတယ် "
"ကျုပ်မင်းကို တကယ်ချစ်ခဲ့တာပါ နွေဦး။ ဒါကို မင်းသိပါတယ်။ ကျုပ်တို့နှစ်ယောက် အတူဖြတ်သန်းလာခဲ့တာကို တချက်ပြန်စဉ်းစားပါဦး...နွေဦးလေး..."
မင်းသတိုး မှော်ဆရာအားလုံး ဝိုင်းကြည့်နေသည်ကိုပင် မရှက်နိုင်ပဲ အလောတကြီးရှင်းပြဖို့ကြိုးစားလိုက်သည်။ နွေဦး၏ စိတ်ကို သူ အသိဆုံးဖြစ်သည်။ ဒီကောင်လေးက အရမ်းချစ်တတ်သလို အရမ်းလည်း စိတ်ထိခိုက်ဝမ်းနည်းတတ်သည်ကို အသိဆုံးဖြစ်သည်။

"သိပ်ချစ်ပါတယ် ဟုတ်လား....ဟက်..... လူတစ်ယောက်ကို ဘယ်လိုချစ်ရမယ်ဆိုတာတောင် ခင်ဗျား နားလည်ရဲ့လား။ အင်းလေ... ဘယ်နားလည်ပါ့မလဲ။ ခင်ဗျားက လူသားမဟုတ်တဲ့ ကဝေတစ်ကောင်ပဲ။ ခင်ဗျား ဘယ်နားလည်ပါ့မလဲ။ ကျွန်တော့်ကို ရင်နာအောင်လုပ်ခဲ့ပါတဲ့ ချစ်သူဟောင်းတောင် ခင်ဗျားလို ကျွန်တော့်ကို အောက်တန်းကျစွာနဲ့ နောက်ကွယ်ကနေ မတိုက်ခိုက်ခဲ့ဖူးဘူး။ ခင်ဗျားကို တချိန်က ချစ်မိကောင်း ချစ်မိခဲ့လိမ့်မယ်။ ဒါပေမယ့် အခုချိန် ကျွန်တော့်ခေါင်းထဲက ခင်ဗျားရဲ့ ပုံရိပ်ကိုတောင် အပြီးထုတ်ပစ်လိုက်ချင်ပြီ။ ခင်ဗျားကို မုန်းတယ် မင်းသတိုး.. .သတ်ပစ်ချင်လောက်အောင်ကိုမုန်းတယ်။ အေး.... ခင်ဗျားရဲ့ လူတွေ ကျွန်တော့်ကို ဘယ်လိုထင်ထင် ဂရုမစိုက်ဘူး။ ကျွန်တော် ထပ်ပြောမယ်။ ခင်ဗျားရဲ့ မျက်နှာကို ထပ်မမြင်ချင်လောက်အောင်ကို မုန်းတယ်"
နွေဦး၏ မျက်ဝန်းများ နီရဲလာပြီး ထိုစကားကို လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာ အဆုံးထိပြောလိုက်သည်။ မိမိလိမ်နေသည်ကို ကဝေကြီး သိသွားမည်ကို စိုးလှသည်။ ပြီးတော့ ထိုသို့ ကဝေကြီး နာကျင်စေမည့် စကားကို ပြောနေရသည့် မိမိကိုယ်ကိုယ်လည်း မုန်းသည်။

"ခင်ဗျား ကျွန်တော့်ကို မုန်းလိုက်ပါ။ မေ့လိုက်ပါတော့ ကဝေကြီး။ ခင်ဗျားရဲ့အချစ်တွေကို ကျွန်တော် ဖျက်စီးသွားပါရစေ။ ခင်ဗျားကိ ုဘာမှ မကူညီနိုင်ပေမယ့် ကူညီနိုင်သူဆီကို တွန်းပို့ပါရစေ... ကျွန်တော့်ကို ခွင့်မလွှွတ်လိုက်ပါနဲ့ ကဝေကြီး..."
 နွေဦး စိတ်ထဲမှ ထိုစကားကို အကြိမ်ကြိမ်ရွတ်နေမိသည်။ တောင့်ထားမှဖြစ်မည်ဟုတွေးကာ မင်းသတိုးကို မုန်းတီးစွာဖြင့်စိုက်ကြည့်ကာ ရပ်နေမိသည်။ ကဝေကြီး၏ မျက်ဝန်းထဲမှ မယုံကြည်နိုင်မှုကို တွေ့သော် နွေဦး ရင်ထဲ ဆတ်ဆတ်ခါအောင် နာကျင်သွားတော့သည်။

"ကျုပ် မင်းကိုချစ်တယ် နွေဦး။ ကျုပ် မင်းကို ပြောခဲ့တယ်ဆိုတာ ကျုပ်ရဲ့ စိတ်ဖိအားကို မထိန်းနိုင်လို့ ပြောခဲ့မိတဲ့ စကားတွေပါ။ ကျုပ်ဘာပဲလုပ်ခဲ့လုပ်ခဲ့... မင်းကို ချစ်လွန်းလို့ လုပ်ခဲ့မိတာတွေချည်းပဲ။ မင်းက ကျုပ်ရဲ့ အသက်ဆက်ရှင်သန်စေတဲ့ တစ်ခုတည်းသော တွန်းအားပါ။ ကျုပ် မင်းကို လူတွေ အဲ့လိုမြင်ပါစေ၊ မင်းကို ချနင်းပြီး ကျုပ်ကို လူတွေ ပိုပြီး အထင်ကြီးလေးစားပါစေ ဆိုပြီး တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ အဲ့လို လုပ်ဖို့လည်း ဘယ်တော့မှ မရည်ရွယ်ခဲ့ဘူး၊ ကျုပ်ပြောခဲ့မိတဲ့ စကားတွေက မင်းကို ဒေါသထွက် နေချိန်မို့ ပြောခဲ့မိတာပါ။ နောက်ပိုင်း မင်းကို ကျုပ် ဘယ်တော့မှ ထပ်မပြောခဲ့တော့ဘူး။ ဒါပေမယ့် ကျုပ်ကို မင်း အဲ့လိုမြင်သွားတယ်ဆိုတာကို သိရတော့ ရင်နာတယ် ။ ချစ်တယ် ဆိုတဲ့စကားကလွဲပြီး ကျုပ်မှာ ပြောစရာစကားမရှိဘူး နွေဦး။"
ထိုစကားကိုကြားသော နွေဦး ဘယ်လိုမှ တောင့်မခံနိုင်တော့ပဲ ထွက်ပြေးကာ သူ့ရင်ခွင်ထဲကို ခိုဝင်ချင်စိတ်ပေါ်လာသဖြင့် အနားမှ အကိုသူရ၏ လက်ကို ဆွဲကိုင်ကာ ပြောလိုက်သည်။
"အကို..အလိမ်ညာ စကားတွေနဲ့ ဝေးရာကို ကျွန်တော့်ကို ခေါ်သွားပေးပါတော့..ကျွန်တော် ဒါတွေကြားရတာ စိတ်ပျက်လာပြီ"
"ကောင်းပြီ နွေဦးလေး..."
သူရက နွေဦးလက်ကို ဆုပ်ကိုင်ကာ ချက်ချင်း ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။ မင်းသတိုးသည် ထိုမြင်ကွင်းကို တွေ့သော် သူ့ကိုယ်ထဲမှ မီးလျှံများတောက်လောင်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး မီးပင်လယ်ကြီး ဖြစ်သွားတော့သည်။

"ပြေးကြ..ပြေးကြ...မီးနတ်စွမ်းအင်တွေနဲ့ မထိမိစေနဲ့။ ဒီမီးလျှံတွေက အရိုးထဲ လောင်ကျွမ်းစေလိမ့်မယ်..."
မှော်ဆရာအားလုံး အလုယက်ထွက်ပြေးကုန်ကြပေမယ့် ရတနာဒေဝီက မင်းသတိုးရှိရာကို ပျံသန်းသွားပြီး တစ်ခါတည်း သိမ်းဖက်လိုက်တော့သည်။

"ရှင့်စွမ်းအားကို ရုပ်သိမ်းလိုက်ပါ အမောင်...မဟာမြိုင်က မှော်ဆရာတွေက ရှင့်လက်အောက်ငယ်သားတွေပါ။ သူတို့ကို သတ်ချင်နေတာလား"

"ကျုပ် ချစ်သူူနောက်ကို လိုက်မလို့၊ မင်း ဖယ်စမ်း.."

"အခုချိန်ကစပြီး ရှင့်ချစ်သူက သူရကို ရွေးချယ်လိုက်ပြီ။ ရှင့်မှာ ကျွန်မကလွဲပြီး ဘယ်သူမှ မရှိတော့ဘူး အမောင်။ ကျွန်မ လက်ကို တွဲလိုက်ပါ။ ရှင်ဖြစ်နေတာကို ကျွန်မ ကယ်တင်ပေးမယ်"
"ကယ်တင်ပေးမယ် ဟုတ်လား။ မင်းဆီက အကူညီကို ကျုပ်တောင်းနေလို့လား ရတနာ၊ မင်းအတွေးတွေကိ ုကျုပ်မသိဘူးလို့ ထင်မနေနဲ့၊ ကျုပ်မီးစွမ်းအင်ကို သုံးပြီး မင်း အဆင့်တက်ချင်နေတာက ကျုပ်သိတယ်။ ဖယ်စမ်း..."

"အမောင်က သိပ်ခေါင်းမာတာပဲ။ ကျွန်မကို အဆိုးမဆိုနဲ့တော့..."
ရတနာဒေဝီက အေးစက်စက်ပြောကာ သူမကိုယ်ထဲမှ အားကောင်းသည့် သံလိုက်စက်ဝန်းလို အားများပေါ်လာပြီး ပတ်ပန်လည်မှ မှော်စွမ်းအင်များကို စုပ်ယူတော့သည်။

"ပုလဲဒေဝီ...တပ်တော်တွေကို ဦးဆောင်ပြီးနောက်ဆုတ်။ အဖျက်စွမ်းအားနဲ့လွတ်အောင် နေ...."
မင်းသတိုးက ပုလဲဒေဝီကို သတိပေးပြီး မီးလျှံများကို ထုတ်လွှတ်ကာ ရတနာဒေဝီ၏ အစွမ်းကို တားဆီးလိုက်တော့သည်။
ကောင်းကင်တစ်ခွင်တွင် မီးလျှံနှင့် အနက်ရောင် အဖျက်စွမ်းအင်တို့ အပြင်းထန်ထိတွေ့မိပြီး ထိုဒေသတစ်ခုလုံး ပေါက်ကွဲထွက်သွားတော့သည်။

"ကဝေကြီး....ကဝေကြီး.."
"မသွားနဲ့ နွေဦး။ အဲ့ဒီနေရာက မှော်ဆရာတွေကိုတောင် တစစီလုပ်ပြစ်နိုင်တယ်.."
""
"ကဝေကြီး..သူ..သူ... ဘာဖြစ်သွားပြီလဲ..."

"သူတို့နှစ်ယောက်လုံးပျောက်ကွယ်သွားပြီ နွေဦး.."
"ပျောက်သွားတယ်..ဒါက ဘာကို ဆိုလိုတာလဲ၊ ဟိုမိန်းမပြောတော့ မီးနတ်ဆိုးစွမ်းအင်ကိုပဲ စုပ်ယူတာဆို...အခု ဘယ်လိုဖြစ်သွားတာလဲ.."
"နေဦး။ စိတ်မလှုပ်ရှားနဲ့။ သူတို့ တစ်နေရာမှာ တိုက်ခိုက်နေတာဖြစ်မယ်။ မီးနတ်စွမ်းအားက သိပ်ကို ပြင်းထန်တယ်။ လွယ်လွယ် မသေနိုင်ဘူး စိတ်ချ..."
"ကဝေကြီးရဲ့ သတင်းကို ရှာပေးပါ အကို။ ကျွန်တော် တောင်းပန်ပါတယ်။ သူ့ကို လိုက်ရှာပြီ းကယ်တင်ပေးပါ... အကိုလိုချင်တာ အားလုံးပေးပါ့မယ်ဗျာ။ ကဝေကြီးကိုသာ ကယ်ပေးပါ.."
"စိတ်ချပါ...မင်းလိုချင်တာ အားလုံးဖြစ်စေရမယ်...အခုတော့ ခဏ နားလိုက်ဦးနော် နွေဦးလေး.."
သူရက စိတ်လှုပ်ရှားလွန်းနေသည့် နွေဦးကို သတိမေ့အောင် လစွမ်းအင်ကို သုံးပြီး မဟာမြိုင်မှ မိမိအဆောင်ဆီကို ပွေ့ချီကာ ခေါ်ဆောင်သွားတော့သည်။
===================================

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Where stories live. Discover now