သန်းခေါင်ယံချစ်သူ Season -2 Episode (31)(zawgyi+Unicode)

Start from the beginning
                                    


"မင်းလျှောက်ပြောမနေစမ်းပါနဲ့ကွာ။ ကမာဆိုတဲ့အမျိုးက သွေးသောက်ရတာမဟုတ်ဘူး။ မင်းရဲ့ကမာက သွေးသောက်တယ် ဆိုကတည်းက အောက်လမ်းမှော်ပညာနဲ့ ဆက်စပ်နေတာ သေချာတယ်။ လောလောဆည်မင်းကို သေဒဏ်မချဖို့ ငါ သခင်မကို ဘယ်လိုတောင်းပန်ရမလဲဆိုတာ တွေးရလွန်းလို့ ညအိပ်လို့တောင်မပျော်ဘူးကွ..."


"မဟုတ်ဘူး နောင်တော်။ ကမာက တကယ်လို့သွေးသောက်ရတာ ကြိုက်တယ်ဆိုရင် အမြဲ သွေးပဲသောက်နေမှာပေါ့။တကယ်တော့ ကမာလေးက လပြည့်နေ့ပဲ သွေးသောက်တာ။ ဒါက လရောင်ခြည် ခေါင်းပေါ်တည့်တည့် ကျတဲ့အချိန်မှာပဲသွေးကို ဆာလောင်လာ ခဲ့တာပါ။ အဲ့အချိန်ပဲ သူက သွေးကို မက်မက်မောမောသောက်တာ။ ကျန်အချိန်ဆိုပုံမှန်အစားစာပဲ စားတာ နောင်တော်။ "


"မင်းတွေးတာမဆိုးဘူး။ အမှန်တရားနဲ့ နီးစပ်တယ်...အဇိုင်း...."


မောင်ရှင်သည်အဇိုင်းပြောသည့် စကားကို စဉ်းစားနေစဉ် မိမိတို့နောက်မှ ကြားလိုက်ရသည့် စကားသံကြောင့်ညီအစ်ကို နှစ်ယောက်လုံး လန့်သွားကြသည်။ တကယ်တော့ မောင်ရှင်၏ မှော်ပညာက နယ်မြေတာဝန်ခံအဆင့်ရှိသဖြင့်အဆင့်မြင့် အရာရှိထဲ တွင်ပါဝင်ပြီး မှော်အစွမ်းလည်း ထက်မြက်သည်။ ဒါတောင် ရေအောက်အကျဉ်းထောင်ထဲမိမိတို့ ညီအစ်ကို အပြင် လူစိမ်းတယောက်ရှိ နေသည်ကို လုံးဝ အာရုံခံမရသဖြင့် မိမိထက်အဆင့်မြင့်သည့် မှော်ပညာရှင်ဖြစ်ရမည်ကို သိကာ ညီတော် အဇိုင်းကို လာသတ်သည့်လူလားဟု ထင်ပြီးလက်နှစ်ဖက်တွင် မှော်ပညာကို အသင့်စုစည်းပြီး လှည့်ကြည့်လိုက်သည်။

"ဘယ်သူလဲ....ဟင်...အရှင် မင်းသတိုး..... ဘာကြောင့် ဒီရေအောက်အကျဉ်းထောင်ကို ရောက်နေတာလဲ.... ကျွန်တော့် ညီကိုလာသတ်တာလား"


"ငါသာ သတ်ချင်တယ်ဆို မင်းတို့ ညီအစ်ကို သိတောင် မသိပဲ ဒီအချိန် ဘ၀ကူးပြောင်းနေပြီပေါ့....ငါ လာခဲ့တာ မင်းရဲ့ညီကိုသာမက မင်းညီမွေးထားတဲ့ ကမာမှာ သင့်နေတဲ့ မှော်နက်အစွမ်းကိုပျောက်အောင် လုပ်ပေးမလို့ပဲ... ပြီးတော့ အာနန်ဒိုင်ရဲ့ အသက်ကိုလည်း ကယ်တင်ပေးမလို့..."

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Where stories live. Discover now