Chapter 72.1

1K 86 1
                                    

Empress with no Virtue
Chapter 72.1
Translator – Utopia

အိုက်ယိုးဆိုတဲ့အသံက မယ်တော်ကြီးကော သာလိကာဆီကကော ထွက်လာတာဖြစ်တယ်။ ကြားကြားချင်းပဲ ကျီဝူကျိုး မယ်တော်ကြီးကို တွေ့ဖို့ ထွက်လာတယ်။ ယဲ့ကျန်းကျန်းကတော့ အစောနက ဘာဖြစ်သွားတာလဲ မမြင်လိုက်တာမို့ သူ ဘာလို့ အလောတကြီး ထွက်သွားတာလဲ မသိဘူးဖြစ်နေတယ်။ ဒါပေမဲ့ သူမလည်း သူနဲ့အတူ ထွက်လာလိုက်တယ်။

ကြည့်ရတာ သာလိကာက ခဏခဏ သူများခေါင်းပေါ် လွှင့်ပစ်ခံရလို့တူတယ်၊ မယ်တော်ကြီးကို သွားမှန်ပြီးတာနဲ့ ကြမ်းပျဥ်ပေါ်ကနေ ဖုတ်ဖတ်ခါပြီး အဝေးကို ပျံထွက်သွားတယ်။

ဒီဟာက မယ်တော်ကြီးအတွက် ပထမဆုံးဖြစ်တာမို့ သူမ နောက်ပြန်လဲကျတော့မလိုတောင် ဖြစ်သွားတယ်၊ တော်သေးတယ် သူမရဲ့အစေခံက အချိန်မှီ လှမ်းဆွဲလိုက်လို့သာ အခုလို မတ်တတ်ရပ်နေနိုင်တာ ဖြစ်တယ်။ အခု မယ်တော်ကြီး သူ့နဖူးသူကိုင်ရင်း မြည်တွန်တောက်တီးနေတယ်။

"ဘယ်သူက အတင့်ရဲပြီး လုပ်တာလဲ!"

သူမရဲ့အစေခံက မယ်တော်ကြီးကို ဒဏ်ရာတွေကို စစ်ဆေးပေးရင်း စိတ်အေးအေးထားဖို့ ပြောပေးနေတယ်။

"မယ်တော်ကြီး စိတ်အေးအေးထားပါနော်"

သူတို့ရှေ့ကို ယဲ့ကျန်းကျန်းနဲ့ ကျီဝူကျိုးတို့ ထွက်လာကြတယ်။ မယ်တော်ကြီးက အေးစက်စက် ပြုံးလိုက်ပြီး

"အခု ခွန်းနင်နန်းဆောင်က ငါ လာခွင့်မရှိတဲ့နေရာ ဖြစ်သွားပြီမှန်း မသိလိုက်ပါလား"

ယဲ့ကျန်းကျန်း မယ်တော်ကြီးကို နှုတ်ဆက်ပြီးတာနဲ့ ရှင်းပြမလို့ လုပ်လိုက်ပေမဲ့ ကျီဝူကျိုးက လက်ဦးသွားတယ်။

"မယ်‌တော် ဒေါသလျှော့တော့မူပါ။ ဘယ်ကမှန်းမသိတဲ့ အကန်းငှက်ဝင်တိုက်သွားတာဖြစ်လိမ့်မယ်။ မယ်တော် ထိတ်လန့်သွားရပြီ"

ကျီဝူကျိုး ပြောရင်း နောက်တစ်ယောက်ကိုလည်း အမိန့်ပေးလိုက်တယ်။

"ဖုန့်ရိုးတျယ် အမြန် တော်ဝင်သမားတော်ကို သွားခေါ်လာခဲ့"

ဒါပေါ့ ငှက်ကိုပစ်လိုက်တာ ဘယ်သူလဲ အပြောကို မခံဘူး။

မယ်တော်ကြီးနောက်က ပါလာတဲ့သူတွေလည်း အစောနက ဘာဖြစ်သွားမှန်း တွေ့လိုက်ကြပေမဲ့ ကျီဝူကျိုးက ဝန်မခံဘူးဆိုမှတော့ ဘယ်သူက ပြောရဲတော့မှာလဲ။

"မလိုတော့ဘူး" မယ်တော်ကြီးက ဖုန့်ရိုးတျယ်ကို တားလိုက်တယ်။ "ငါ အဆင်ပြေတယ်"

"ဘာမှမဖြစ်ဘူးဆိုပေမဲ့လည်း ‌တော်ဝင်သမားတော်ကို ခေါပြီးတော့ စစ်ဆေးကြည့်သင့်တယ်၊ သမီးတော်တို့လည်း စိတ်အေးရအောင်ပါ"

မယ်တော်ကြီး ဒီကို ပြဿနာရှာဖို့ ရောက်လာမှန်း ယဲ့ကျန်းကျန်း သိတယ်။ ဒါ့ကြောင့်မို့ သူမ အချိုသာဆုံး လုပ်ပြပြီး

"မယ်တော်က သမီးတော်တို့ခွန်းနင်နန်းဆောင်ကို လာလည်တာ ဖြစ်တောင့်ဖြစ်ခဲပါပဲ။ ဒါက ဒီနန်းဆောင်တစ်ခုလုံးကို ကျက်သရေနဲ့ ပြည့်စုံသွားစေတယ်။ ကျေးဇူးပြုပြီး အထဲဝင်ပါဦး မယ်တော်"

မယ်တော်ကြီးရဲ့အထဲဝင်ချင်တဲ့ရည်ရွယ်ချက်ကို သူမကလည်း ကူညီပြီး ဖိတ်ခေါ်လိုက်တယ်။ 
မယ်တော်ကြီးက သူမရဲ့ဟန်ဆောင်ပျူငှာမှုကို လက်မခံဘူး။ သူမလက်ကို ရှောင်လိုက်ပြီး သူ့ဟာသူ ခွန်းနင်နန်းဆောင်ထဲ ဝင်သွားတယ်။

ယဲ့ကျန်းကျန်း သူမနောက်ကနေ နှုတ်ခမ်းထော်ပြလိုက်တယ်။ ဒါပေမဲ့ သူမလှည့်ကြည့်လိုက်တဲ့အခါ ကျီဝူကျိုးက သူမကို ကြည့်နေတာ တွေ့လိုက်ရတယ်။ ယဲ့ကျန်းကျန်း သူ့ကို လျှာထုတ်ပြလိုက်တယ်။

မယ်တော်ကြီး ဒီနေ့တော့ သူမနဲ့ စကားနိုင်လုချင်စိတ် ရှိမနေချေ။ သူမ ထိုင်လိုက်ပြီးတာနဲ့ ခဏစကားစမြည်ပြောပြီးနောက် လိုရင်းကို တန်းပြော‌တော့တယ်။

"ကွန်ဖြူးရှပ်က ပြောခဲ့တယ်၊ လူတစ်ယောက်က ကတိမတည်ဘူးဆို အထင်သေးခံရလိမ့်မယ်တဲ့။ ဒီစကားကို မယ်တော်မပြောနဲ့ အဘွားကြီးတောင်မှ သိတယ်။ တိုင်းပြည်ခေါင်းဆောင်ဖြစ်တဲ့ ဧကရာဇ်က ဘယ်လိုလုပ်ပြီး ကတိဖျက်ရတာလဲ။ ဒါက ဧကရာဇ်တစ်ပါးလုပ်သင့်တဲ့လုပ်ရပ်မျိုးလို့ မယ်တော်တော့ မထင်ဘူး"

ကျီဝူကျိုး ရိုးသားတဲ့ပုံလုပ်လိုက်ရင်း

"ဒါပေါ့ သားတော် ကွန်ဖြူးရှပ်အဆိုအမိန့်တွေကို သင်ယူခဲ့တာပဲဟာ ဘယ်လိုလုပ် ဖောက်ဖျက်ရဲမှာလဲ။ မယ်တော် စွပ်စွဲရတဲ့အကြောင်းအရင်းက ဘာများလဲ"

"သားတော် မယ်တော့်ကို သေချာပေါက် ကတိပေးခဲ့တယ်လေ၊ ရွှီမိသားစုအပေါ် အပြစ်ဒဏ်လျှော့ပေါ့ပေးပါမယ်လို့။ ဒါပေမဲ့ အခုကျ မအေကော သားကော ခေါင်းဖြတ်သတ်ခံလိုက်ရပြီ။ ဒီကိစ္စကို သားတော် ဘယ်လိုရှင်းပြမှာလဲ"

မယ်တော်ကြီး ဒေါသထွက်နေတယ်။

"ဒီကိစ္စကို သားတော်လည်း ပြောပြမလို့ လုပ်နေတာပါ။ သားတော် တကယ်လည်း ပြစ်ဒဏ်ကို လျော့ပေါ့ပေးခဲ့တာပဲလေ။ အစကတော့ တစ်မိသားစုလုံးကို သေဒဏ်ပေးဖို့ လုပ်ထားပေမဲ့ အခုကျ သူတို့ထဲက သခင် ၂ယောက်နဲ့ ကျွန် ၂ယောက်ပဲ ကွပ်မျက်ခဲ့တာ။ ဒါက တော်တော်လေး လျှော့ပေါ့ပေးထားတယ်လို့တောင် ပြောလို့ရတယ်"

ယဲ့ကျန်းကျန်း သူ့ကို တိတ်တိတ်ကလေး လက်မထောင်ပြလိုက်တယ်၊ တကယ် ကောက်ကျစ်တာပဲ!

"ဒါက ကလေးတစ်ယောက် ဟိုဒီလျှောက်ပြောမိတာပဲဟာ ဒီလောက်ထိတောင် လုပ်ဖို့လိုလို့လား။ အုပ်ချုပ်သူမင်းတစ်ပါးအနေနဲ့ သားတော် အလုပ်ကို ဘယ်လိုလုပ်နေတာလဲ"

"ဘယ် ဟိုဒီပြောမိတာလေးလဲ? ဒီနေ့ သူ ဧကရီနဲ့ပတ်သက်ပြီး မကောင်းသတင်းဖြန့်ရဲနေတာ မနက်ဖြန်ကျ သူ သားတော်အကြောင်းကိုပါ ပြောလာလိမ့်မယ်။ တော်ဝင်မိသားစုကို စိန်ခေါ်ပြီး အသေရေဖျက်နေတာကို သားတော် အပြစ်ပေးလိုက်တာ ဘာမှမမှားဘူးလို့ မြင်တယ်"

"တော်ဝင်မိသားစုကို စိန်ခေါ်နေတယ်" ဆိုတဲ့စကားကို ကြားတဲ့အခါ မယ်တော်ကြီး ဒေါသ လျှော့သွားတော့တယ်။ ဒါပေမဲ့ သူမ မကျေနပ်သေးဘူး။

"ဒါဆို မင်းရဲ့ဦးလေးကကော? အဲ့လောက်အဝေးကြီးကို ပို့လိုက်တာလား? ချုံကျိုးက ဘယ်လိုနေရာလဲကော သိရဲ့လား? အဲ့နေရာက တိတ်ဆိတ်ပြီး နေရာတိုင်းမှာ အန္တရာယ်တွေက ပြည့်နေတာ။ အဲ့ကိုသာ ရောက်သွားရင် သူတို့ အသက်ဆက်ရှင်နိုင်ပါ့မလား?"

"ဒီမေးခွန်းကို သားတော်လည်း တွေးထားပြီးသားပဲ။ သားတော် တွေးမိတယ် သူတို့ အခုလို ကောလာဟလသတင်းကို ဖြန့်ရဲမှတော့ ဖြစ်လာမယ့်အကျိုးဆက်ကိုလည်း ကြိုတွေးထားသင့်တာပေါ့"

မယ်တော်ကြီး သက်ပြင်းရှည်ကြီး ချလိုက်ပြီး

"ဟွမ်တိ...."
"မယ်တော်က နန်းတော်ထဲမှာပဲ နေနေတာဆိုပေမဲ့ နေရာတိုင်းမှာ နားတွေ ရှိနေတာပဲ။ သူတို့အပြင်မှာ လုပ်ခဲ့တဲ့ကိစ္စကို သားတော်ထက်တောင် မယ်တော်က ပိုသိမှာ သေချာပါတယ်။ ကိစ္စတွေကို ရေဆုံးမြေဆုံး စစ်ဆေးရကြေးဆို အဆုံးသတ်က ပြည်နှင်ဒဏ်လောက်နဲ့ ပြီးသွားမှာမဟုတ်ဘူး"

သူ့စကားထဲက ခြိမ်းခြောက်မှုကို မယ်တော်ကြီး သတိထားမိတယ်။ သူမ သက်ပြင်းရှည်ကြီးချလိုက်တယ်။

"ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သားတော်နဲ့ မိသားစုတွေပဲလေ၊ နည်းနည်းတော့ ထောက်ထားသင့်တာပေါ့"

ကျီဝူကျိုးလည်း သက်ပြင်းချလိုက်တယ်။

"နှစ်ပေါင်းများစွာ သားတော် သူတို့ကို ထောက်ထားခဲ့ပြီးပြီ။ ဒီတစ်ခါ သူတို့က မျက်နှာသာပေးတဲ့သူကို အိုးမည်းသုတ်ခဲ့ပြီးမှတော့ သားတော်လည်း ‌တကယ် ထိုက်တန်တဲ့သူတွေကိုပဲ ထောက်ထားတော့မယ်"

မယ်တော်ကြီးက အေးစက်စက် ရယ်လိုက်တယ်။

"ကြည့်ရတာ ဟွမ်တိ (သားတော်ဧကရာဇ်)က တကယ် အရွယ်ရောက်လာပြီပဲ။ မယ်တော်ကိုတောင် နှလုံးသားထဲမှာ မရှိတော့ဘူး"

"သားတော်က ဧကရာဇ်တစ်ပါးပဲ၊ သားတော်ရဲ့နှလုံးသားထဲ တိုင်းပြည်ပဲ ရှိတယ်။ မယ်တော့်ကို သားတော် မျက်လုံးထဲ ထည့်ပါတယ်၊ မယ်တော်ကတော့ သားတော်အပေါ် အဲ့လိုဖြစ်ရဲ့လားတော့ သားတော် မသေချာဘူး။ တကယ်လို့ သားတော်က ရည်ရွယ်ချက်ရှိရှိနဲ့ ရွှီမိသားစုကို ဒဏ်ခတ်ခဲ့တယ်လို့ထင်ရင် သားတော် ငြင်းဆိုနေမှာ မဟုတ်ဘူး။ တစ်ခုပဲ သားတော်က ရွှီမိသားစုကို ဆွဲချခဲ့တာလို့ ထင်နေတယ်၊ ဒါပေမဲ့ တကယ်တမ်း လုပ်ခဲ့တဲ့သူက မယ်တော်ကိုယ်တိုင်ပဲ"

ယဲ့ကျန်းကျန်း သူ့ကို လှမ်းကြည့်လိုက်တယ်။ ဖြူကောင်လိုပဲ သူ့စကားတွေက တစ်ခွန်းထက်တစ်ခွန်း ပိုပိုပြီး ချွန်မြနေတာကြောင့် မယ်တော်ကြီးမျက်နှာကြီးစိမ်းပုပ်နေပြီ ဆိုပေမဲ ယဲ့ကျန်းကျန်းစိတ်ထဲတော့ နေလို့ သိပ်ကောင်းသွားသလို ခံစားလိုက်ရတယ်။

မယ်တော်ကြီး လိုချင်တာ ဘာမှမရတာကြောင့် ကျီဝူကျိုးကို သားသမီးဝတ်မကျေပွန်တဲ့သားဖြစ်ကြောင်း မြည်တွန်တောက်တီးရင်း မျက်ရည်စမ်းစမ်းစမ်းစမ်းနဲ့ ပြန်သွားတော့တယ်။ ဒီတစ်ကြိမ်မှာတော့ ကျီဝူကျိုးရဲ့နှလုံးသားက စိတ်ပိုင်းဖြတ်ထားပြီးပြီမို့ ဘယ်ယောက်ပဲ ‌ပြောပါစေ သူ အလျှော့ပေးမှာ မဟုတ်ချေ။ ဒါပေမဲ့လည်း သူတို့က သားအမိတွေပဲလေ၊ အခုလိုတွေ ဖြစ်လာရတော့ သူ့မျက်နှာမှာ စိတ်ပျက်နေမှုကို အတိုင်းသားမြင်ရတယ်။

ယဲ့ကျန်းကျန်း အနည်းငယ် စိတ်ပူနေမိတယ်။

"ဒီတစ်ခေါက် အရှင်မင်းကြီး လုပ်တာ ပြင်းထန်သွားတယ်။ သူတို့ အရှင်မင်းကြီးကို ဆူပူပြစ်တင်ကြရင်ကော ...."
သူတို့ဆိုတာ အမတ်တွေကို ဆိုလိုတာ ဖြစ်တယ်။

ကျီဝူကျိုး လက်ခါလိုက်ရင်း

"စိတ်မပူပါနဲ့၊ ကိုယ် ဘာပဲလုပ်လုပ် သူတို့က ဆူပူပြစ်တင်နေကြမှာပဲဟာ ကိုယ် အသားကျသွားပြီ"

ယဲ့ကျန်းကျန်း သူ့လက်ကို ဆုပ်ကိုင်လိုက်တယ်။

"ဒါဆို သူတို့ ကျွန်‌တော်မျိုးမကို ဆူကြရင်ကော၊ မယ်တော်နဲ့ အရှင်မင်းကြီးကြား ခလောက်ဆန်ပါတယ်ဆိုပြီးလေ"

ကျီဝူကျိုး သူမလက်ကလေးကို ပုတ်ပေးလိုက်ပြီး

"အခုအပြစ်ပေးတာပြီးတဲ့နောက် ဘယ်သူက မင်းကို ဆူရဲမှာလဲ"

သူ စိတ်မပျော်သေးဘူးဆိုတာ ယဲ့ကျန်းကျန်း တွေ့လိုက်ရတယ်။ ဒါကြောင့်မို့ သူမ စကားလမ်းကြောင်း ပြောင်းလိုက်တယ်။

"နောက်ရက်အနည်းငယ်အတွင်းမှာ စစ်ရှုံးသွားတဲ့တပ် ၃ခုက ကိုယ်စားလှယ်တွေ လက်ဆောင်တွေ ဆက်သဖို့ ရောက်လာလိမ့်မယ်ဆို၊ သူတို့ ဘာရတနာတွေ သယ်လာမလဲ ကျွန်တော်မျိုးမ သိချင်မိသား"

"သူတို့ဆီမှာ ဘာရတနာများ ရှိနိုင်မှာမို့လို့လဲ။ ဒါပေမဲ့ ကိုယ့်မှာ အကြံတစ်ခုရှိတယ်"

"ဘာများလဲ"

"နွီကျန်းမျိုးနွယ်စုနားမှာရှိတဲ့ လျောင်တုန်းမြေတွေက အနက်ရောင်ရှိတယ်။ ကြည့်ရတာ မြေဆီလွှာကောင်းတဲ့ပုံပဲ။ အဲ့နေရာက ခြောက်သွေ့တယ်ဆိုပေမဲ့လည်း စိုက်လို့ပျိုးလို့ရမရ ဘယ်သူသိမှာလဲ"

"အဲ့နေရာက တကယ်ပဲ စိုက်ပျိုးလို့ရတယ်ဆို သိပ်ကောင်းတာပေါ့။ အဲ့ဘက်မှာ လူဦးရေက နည်းပြီး မြေက ကျယ်ပြောတော့  ကောက်ပဲသီးနှံတွေက စားနိုင်တာထက် ပိုလျှံနေမှာပဲ။ ပိုလျှံနေတဲ့ကောက်ပဲသီးနှံတွေကို နန်ယွင်ကို တင်ပို့ပြီး တခြားကုန်လမ်း ရေလမ်းကနေ ရောင်းချလို့ရတယ်။ ဒါပေမဲ့ ဘယ်ကပဲပို့ပို့ နန်ဝမ်က ယူတာထက်စာရင်တော့ ပိုမြန်မှာပါ။ ဒီနည်းနဲ့ဆို ကောက်ပဲသီးနှံတွေ မြန်မြန်တင်ပို့လို့ရရုံသာမက သွားရတဲ့ခရီးတာလည်း တိုသွားမယ်။ ရိက္ခာတွေက နှစ်နေရာလုံးက ထုတ်နိုင်တော့ နောင်ကျ မိုးခေါင်ရေရှားဖြစ်တာတို့ ပလိပ်ရောဂါတို့ ဖြစ်ရင်‌တောင်မှ  ပြဿနာရှိတော့မှာ မဟုတ်ဘူး"

"တော်တယ်'

ကျီဝူကျိုး သူမနဖူးလေးကို တောက်လိုက်ရင်း စိတ်ထဲ တွေးလိုက်တယ်။ တကယ်လို့ မိန်းမယူတော့မယ်ဆိုရင် သူမ ဉာဏ်ရည်ထက်မြက်ပြီး အရိပ်ပြရင် အကောင်မြင်တတ်တဲ့သူမျိုး ဖြစ်ဖို့လိုတယ်။ တစ်ခွန်းပြောလိုက်တာနဲ့ သူမက အားလုံးကို ဆက်စပ်ပြီး တွေးခေါ်နိုင်တယ်။

အရေးအကြီးဆုံးက သူမက သူမရဲ့ထက်မြက်မှုကို ထိန်းချုပ်နိုင်တယ်၊ သူများကို ဉာဏ်ဆင်ဖို့အတွက် ဘယ်တော့မှ မသုံးဘူး။

ကျီဝူကျိုး ငေးမောနေတာကို တွေ့တဲ့အခါ သူမ ညင်ညင်သာသာလေး တွန်းရင်း

"ဒါဆို အရှင်မင်းကြီး နွီကျန်းတွေဆီက မြေတွေ လွှဲယူဖို့  စီစဥ်ထားတာလား"

"ကိုယ် အဲ့လို ရည်ရွယ်ထားတာပဲ"

ကျီဝူကျိုးက ခေါင်းညိတ်လိုက်တယ်။

"သူတို သဘောတူပါ့မလား"

"ဒါက သူတို့ ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူး"

စစ်ရှုံးတဲ့ဘက်က စစ်တပ်တွေ ဆုံးရှုံးခဲ့တဲ့အပြင် တချီကို တိုက်ခိုက်ရဲတယ်ဆိုမှတော့ ဒီလိုအဆုံးသတ်ကိုလည်း ထည့်တွေးထားရမှာပေါ့။

"ဒါပေမဲ့" ယဲ့ကျန်းကျန်း မျက်မှောင်ကျုံ့လိုက်တယ်။ "ကောက်ပဲသီးနှံတွေက မြက်ပင်ထက် ပိုစိုက်ရခက်တယ်၊ တကယ်လို့ ဘာအသီးအနှံမှ မဖြစ်ထွန်းရင်ကော"

"ဒါကြောင့်မို့ ကိုယ်တို့ မြေစမ်းခရမ်းပျိုး အရင်လုပ်ဖို့ လိုတာပေါ့။ ကိုယ်တို့ တချီမှာ ကောက်ပဲသီးနှံမျိုးစိတ်တွေ အများကြီး ရှိတာပဲဟာ၊ ဖြစ်ထွန်းမယ့်မျိုးစိတ်တွေတော့ ရှိလောက်မှာပါ"

ရုတ်တရက် ယဲ့ကျန်းကျန်း အကြံတစ်ခု ရသွားတယ်။

"ရှေ့ရက်တွေတုန်းက မက်သရူး ကျွန်တော်မျိုးမကို သူ့တိုင်းပြည်က ပြောင်းဖူးနဲ့ အားလူးတွေ ဆက်သလာတယ်။ ကျွန်တော်မျိုးမတို့ရဲ့ ကောက်ပဲသီးနှံတွေက စိုက်မရဘူးဆိုရင် မက်သရူး ယူလာတဲ့ဟာတွေနဲ့ စမ်းကြည့်လို့ရတာပဲ။ အို .... နောက်ပြီး ချုံလုက ကန်စွန်းဥမျိုးတွေကောပဲ"

ကျီဝူကျိုးကတော့ သူမပြောသမျှထဲ မက်သရူးဆိုတာပဲ ကြားလိုက်တယ်။ ဒီလူနဲ့ပတ်သက်ရင် သူ့အမြင်က သိပ်မကောင်းလှချေ။ သူ ယဲ့ကျန်းကျန်းကို ဘယ်လိုနှာဘူးအကြည့်နဲ့ကြည့်လည်း ပြန်စဥ်းစားမိရင် သူ ဒေါသမထွက်ဘဲကို မနေနိုင်ဘူး။ ပြန်တွေးကြည့်တော့ သူ သဝန်တိုတာက ဒီအချိန်ကနေ စခဲ့တာပဲ၊ သဘောက သူမကို အဲ့ကတည်းက သူ ချစ်မိနေခဲ့တာလား?

"ဟုတ်တယ်၊ အရှင်မင်းကြီးဆီက တင်ပါးအကန်ခံခဲ့ရတဲ့တစ်ယောက်လေ"

ယဲ့ကျန်းကျန်းက သူ့ကို သဲလွန်စ ပေးလာတယ်။

ကျီဝူကျိုး မျက်မှောင်ကျုံ့သွားတယ်။

"မင်း သူ့ကို ထပ်တွေ့ပြန်တာလား"

"မဟုတ်ပါဘူး၊ သူ နန်းတော်ထဲကို မဝင်ရဲဘူး။ မစ္စတာတုကနေ တဆင့် ဆက်သလာတာ"

အဲ့တော့မှပဲ ကျီဝူကျိုး မျက်မှောင်ကျုံ့ကို လျှော့လိုက်တယ်။
ညရောက်တဲ့အခါ ယဲ့ကျန်းကျန်း မီးဖိုဆောင်ကို အာလူးတွေ ကန်စွန်းဥတွေ ပြောင်းဖူးတွေ သုံးပြီး ဟင်းပွဲတွေ ပြင်ဆင်ခိုင်းလိုက်တယ်။ သူတို့တစ်ခါမှ ဒါမျိုးကို မစားဖူးတာကြောင့် ဒီပစ္စည်းတွေသုံးပြီး ဟင်းပွဲအသစ်အဆန်းတွေ ချက်ပြုတ်စေတယ်။ ဒါပေမဲ့ ကျီဝူကျိုးပါးစပ်ထဲတော့ သာမန်လောက်ပဲ ခံစားရတယ်။ စားမရတဲ့အထိတော့ မဟုတ်ပေမဲ့ အဆာပြေအောင် အစားထိုး စားလို့တော့ ရပါတယ်။ ယဲ့ကျန်းကျန်းကတော့ ကန်စွန်းဥဖုတ်ကို ချက်ပြုတ်ထားပုံတော့ သိပ်မကောင်းလှပေမဲ့ ချိုပြီး စားကောင်းတယ်လို့ ထင်တယ်။ ဒီလိုနဲ့ သူမ နည်းနည်းပိုပြီး စားလိုက်တယ်။

ရလဒ်ကတော့ သူမ စားတာများပြီး အန်ထွက်တော့မတတ်ဘဲ။


ရွှေနန်းထက်က ဧကရီWhere stories live. Discover now